CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၂၅

ထိုင်းနိုင်ငံ အရှေ့မြောက်ဘက် ပြည်နယ်တွင် ထိုင်းစစ်တပ်က သံဆူးကြိုးများဖြင့် ထူထောင်ခဲ့သည့် နယ်စပ် စည်းရိုး တစ်လျှောက်၌ စက်တင်ဘာ ၂၃ ရက်က ကမ္ဘောဒီးယားစစ်သားများက သေနတ်များဖြင့် ပစ်ခတ်ခဲ့ ကြောင်း ထိုင်းတော်ဝင်ကြည်းတပ်မှ ထုတ်ပြန်ခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

သို့သော် ထိုင်းစစ်သားများက ကမ္ဘောဒီးယား၏ ရန်စမှုကို တုံ့ပြန်ခဲ့ခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီ၊ မိနစ် ၂၀ ခန့်က Kantharalak ခရိုင် Sao Thong Chai  ရပ်ကွက်ရှိ နယ်စပ်စည်းရုံးကို ဦးတည်ပြီး ကမ္ဘောဒီးယားစစ်သားများမှ သေနတ်ဖြင့် ၃ ချက်မှ ၅ ချက်အထိ ပစ်ခတ်ခဲ့ကြောင်း ထိုင်းစစ်တပ်က ကနဦး သတင်းထုတ်ပြန်ခဲ့သည်။

ကမ္ဘောဒီးယား စစ်သားများသည် ထိုင်းဘက်မှ တုံ့ပြန်မှုကို အကဲစမ်းသည့် ရည်ရွယ်ချက်ဖြင့် ပစ်ခတ်ခဲ့ပုံရပြီး ထိုင်းစစ်သားများက ပြန်မပစ်ခဲ့သော်လည်း အခြေအနေအား အနီးကပ် စောင့်ကြည့်နေကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ကမ္ဘောဒီးယားစစ်သား ၄ ဦးသည် ထိုင်းနိုင်ငံ၏ Pa Man တပ်စခန်းအနီးရှိ နယ်စပ်စည်းရိုးနားသို့ ချဉ်းကပ်လာခဲ့ပြီး ရိုင်ဖယ်ဖြင့် ၃ ချက် ပစ်ခတ်ခဲ့ကြောင်း ထိုင်း၏ အမှတ် ၂ စစ်ဒေသက နောက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

“ထိုင်းစစ်သားတွေက ထိန်းထိန်းသိမ်းသိမ်းပဲ လုပ်ဆောင်ခဲ့ပါတယ်။ ပြန်မပစ်ခဲ့ပါဘူး။ ဒီဖြစ်စဉ်ကြောင့် ထိခိုက် ဒဏ်ရာရမှု၊ ပျက်စီးမှုတွေ မရှိခဲ့ပါဘူး” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုပစ်ခတ်မှုသည် နှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်ပြီး ကမ္ဘောဒီးယား စစ်တပ်သည် နှစ်နိုင်ငံ အထွေထွေ နယ်စပ်ရေးရာကော်မတီနှင့် ဒေသန္တရ နယ်စပ်ရေးရာကော်မတီ အစည်းအဝေး များတွင် လက်မှတ်ရေးထိုးခဲ့သည့် ကတိကဝတ်များကို လိုက်နာရန် ပျက်ကွက်ခြင်းဖြစ်ကြောင်း ထိုင်းစစ်တပ်က ပြောကြားခဲ့သည်။

ထိုအစည်းအဝေးများအတွင်း ထိုင်းနှင့် ကမ္ဘောဒီးယားတို့က နယ်စပ်ဒေသများတွင် ဖြန့်ကြက်ချထားသည့် လက်နက်များကို ပြန်လည်ရုပ်သိမ်းရန်နှင့် ရန်စမှုများကို ရှောင်ကြဉ်ရန် သဘောတူခဲ့ကြသည်။

ထို့ပြင် စက်တင်ဘာ ၂၃ ရက်ကလည်း ထိုင်း၏ Kantharalak ခရိုင် Sam Tae ဒေသတွင် ထိုင်းစစ်သားများက ဒရုန်းတစ်စင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်းလည်း ထိုင်းစစ်တပ်က ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်