CNI News
၂၀၂၅ခုနှစ်၊ စက်တင်ဘာ ၂၅
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကမ္ဘာ့အဏုမြူသတင်းပတ် ဖိုရမ်သို့ တက်ရောက်ရန်အတွက် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက် ညပိုင်းတွင် ရုရှားနိုင်ငံသို့ ရောက်ရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့အဏုမြူသတင်း ပတ်ဖိုရမ်သို့တက်ရောက်ရန်အတွက် ရုရှားသမ္မတ ပူတင်၏ ဖိတ်ကြားမှုကြောင့် စက်တင်ဘာ ၂၄ရက် နံနက်ပိုင်းတွင် လေဆိပ်မှ ထွက်ခွာခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ မျိုးသိမ်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ခရီးစဥ်တွင် လိုက်ပါခဲ့ကြောင်းသိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုဗာစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး
ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်ပါလာသည့် အထူးလေယာဥ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗာဆီဗစ်မြို့၊ သာမာရှယ်ဗာ လေဆိပ်၌ ရပ်နားခဲ့ရာ နိုဗာစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး (Mr. Travnikov Ahdrey Aleksandrovich) နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုဗာစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးတို့သည် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲအပြီးတွင် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲအပြီးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ ဆက်လက်ထွက်ခွာခဲ့ရာ စက်တင်ဘာ ၂၄ရက် ညပိုင်းတွင် မော်စကိုမြို့ရှိ ဘနူကာဘာ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ကြသည်။
ထို့နောက် ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Andrey Rudenko နှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ကျော်စိုးဦးတို့က နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်အရသိရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ်၊ မေလ ၇ ရက်ကလည်း ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပသည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀)ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ချစ်ကြည်ရေးခရီးစဥ်အဖြစ် သွားရောက်ခဲ့ဖူးသည်။