CNI International News

ဘေကျင်း၊ စက်တင်ဘာ ၁၂

တရုတ်သည် စက်တင်ဘာ ၃ ရက်က ပြုလုပ်ခဲ့သည့် စစ်ရေးပြ အခမ်းအနားအတွင်း နောက်ဆုံးပေါ် စစ်လက်နက် ပစ္စည်းများကို ထုတ်ဖော်ပြသခဲ့ရာ ထိုလက်နက်များအနက် Jinglei-1 (JL-1) အမည်ရှိ တာဝေးပစ်ဒုံးကျည်လည်း ပါဝင်ခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

JL-1 ဒုံးကျည်သည် နျူကလီးယား ထိပ်ဖူးတပ်ဆင်နိုင်သည့် ဝေဟင်မှပစ်လွှတ်သည့် ပဲ့ထိန်းဒုံးကျည် (ALBM) အမျိုးအစားဖြစ်သည်။

ထိုဒုံးကျည်ကို မြေပြင်အခြေစိုက် ပစ်လွှတ်ရသည့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) များ၊ ရေငုပ်သင်္ဘောမှ ပစ်လွှတ်ရသည့် ပဲ့ထိန်းဒုံးကျည် (SLBM) များနှင့်အတူ ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ချပြခဲ့ခြင်းဖြစ် သည်။

ထို့ကြောင့် တရုတ်သည် မြေပြင်၊ ရေပြင်နှင့် ဝေဟင်တို့မှ နျူကလီးယား ထိပ်ဖူးတပ်ဆင်နိုင်သည့် ဒုံးကျည် အမျိုးအစားများကို ပြသခြင်းဖြင့် တရုတ်၏ နျူကလီးယား အဟန့်အတားကို ပိုမိုခိုင်မာ ပေါ်လွင်စေခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

JL-1 ဒုံးကျည်သည် အသံထက်မြန်သည့် အလျှင်နှုန်းဖြင့် ကီလိုမီတာ ၈၀၀၀ (မိုင် ၅၀၀၀) အကွာအဝေးအထိ ပျံသန်းနိုင်ကာ ကြားဖြတ်ပစ်ချရန် ခက်ခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။

JL-1 ဒုံးကျည်ကို တွေ့ရစဉ်

JL-1 ဒုံးကျည်ကို လေထဲတွင် ဆီဖြည့်နိုင်သည့် H-6N မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ဖြင့် တင်ဆောင်နိုင် သဖြင့် ထိုလေယာဉ်နှင့် စစ်ဆင်ရေး ပြုလုပ်နိုင်သည့် အကွာအဝေးကို ပိုမိုချဲ့ထွင်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

တရုတ်သည် H-6 ဗုံးကြဲလယောဉ်ကို ၂၀၁၉ ခုနှစ်က အဆင့်မြှင့်တင် မွမ်းမံမှုများ ပြုလုပ်ခဲ့သဖြင့်  ALBM အမျိုးအစား ဒုံးကျည်များကို သယ်ဆောင် နိုင်လိမ့်မည်ဖြစ်ကြောင်း မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး စင်တာ (CSIS) ၏ နျူကလီးယားရေးရာ လက်ထောက်ညွှန်ကြားရေးမှူး ဂျိုးဆက် ရော့ဂျာက ပြောကြားခဲ့သည်။

"ပဋိပက္ခတစ်ခု ဖြစ်လာမယ်ဆိုရင် JL-1 ALBM ဒုံးကျည်ကို H-6N ဗုံးကြဲလေယာဉ်တွေပေါ်ကို တင်နိုင်မှာ ဖြစ်ပါ တယ်။ လေထဲ ရောက်သွားမယ်ဆိုရင်တော့ တရုတ်ဟာ ကြိုတင်လက်ဦးမှု ရယူတိုက်ခိုက်ဖို့ JL-1 ဒုံးကျည်နဲ့ လေကြောင်း တိုက်ခိုက်နိုင်ပါလိမ့်မယ်" ဟု ရော့ဂျာက ပြောကြားခဲ့သည်။

JL-1 ALBM ဒုံးကျည်သည် တရုတ်၏ ဗုံးကြဲလေယာဉ် တပ်ဖွဲ့များအတွက် ကာလကြာရှည် အသုံးပြုဖွယ်ရှိသည့် လက်နက် ဖြစ်လာလိမ့်မည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

Source: South China Morning Post