CNI News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အနီး ဝန်းကျင်ရှိ တပ်ဌာနချုပ်နေရာများ၊ ရပ်ကွက်၊ ကျေးရွာနှင့် စခန်းကုန်း နေရာအသီးသီးကို ပြန်လည်ထိန်းချုပ်လိုက်သည်ဟု မြန်မာ့တပ်မတော်က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ဗန်းမော်မြို့အား ထိန်းချုပ်နိုင်ရေးအတွက် KIA၊ AA၊ PDF ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် လေဆိပ်၊ ဗန်းမော်တက္ကသိုလ်နှင့် မြန်မာ့တပ်မတော်၏ စစ်စခန်းတချို့ကို သိမ်းပိုက်ခဲ့သည်။

ထို့နောက် မြန်မာ့တပ်မတော်က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအထိ ၈ လတိတိ ခုခံတိုက်ခိုက်ခဲ့ ပြီးနောက် ဩဂုတ် ၄ ရက်မှ စတင်၍ စစ်အင်အားဖြည့်ကာ စစ်ကြောင်း ၇ ကြောင်းဖြင့် ပြန်လည်ထိုးစစ်ဆင်တိုက် ခိုက်ခဲ့သည်။

ထို့ကြောင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၄ ရက်မှ စက်တင်ဘာ ၁၁ ရက်အတွင်း KIA-AA-PDF များ စိုးမိုးထားသည့် ဗန်းမော်မြို့အနီးဝန်းကျင်ရှိ တပ်ဌာနချုပ်နေရာများ၊ ရပ်ကွက်၊ ကျေးရွာနှင့် စခန်းကုန် နေရာအသီးသီးကို မြန်မာ့တပ်မတော်က ပြန်လည်ထိန်းချုပ်ခဲ့သည်။

KIA-AA-PDF ပူးပေါင်းတပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်ကြား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်အတွင်း တိုက်ပွဲကြီး ၁၆ ကြိမ်၊ ထိတွေ့မှုပေါင်း ၄၉၀ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲများအတွင်း KIA-AA- PDF ဘက်က အလောင်း ၁၆၃ လောင်း၊ လက်နက်မျိုးစုံ ၁၇၈ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ ကြောင်း၊ တပ်မတော်ဘက်ကလည်း အရာရှိ/စစ်သည် အချို့ ကျဆုံးခဲ့ကြောင်း မြန်မာ့တပ်မတော်ဘက်က ထုတ်ပြန်ခဲ့သည်။

ဗန်းမော်မြို့သည် ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းရှိ နယ်စပ်ဒေသ ကုန်သွယ်ရေးအတွက် အရေးပါသော မြို့ဖြစ်သည်။

အဆိုပါ ကုန်သွယ်ရေးလမ်းကြောင်းမှာ ဗန်းမော်-တာဆိုင်း-မြို့သစ်-လိုင်ဇာလမ်းကြောင်း၊ ဗန်းမော်-မိုးမောက်-တာဆိုင်း-လိုင်ဇာလမ်းကြောင်း၊ ဗန်းမော်- မိုးမောက်-လွယ်ဂျယ်လမ်းကြောင်း တို့ဖြစ်သည်။

ထိုကုန်သွယ်ရေး လမ်းကြောင်းများကို KIA-AA-PDF ပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်နိုင်ရေး ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။