CNI International News

ပြုံယမ်း၊ အောက်တိုဘာ ၁၃

နျူကလီးယားလက်နက် သယ်ဆောင်နိုင်သည့် ခရုဇ်ဒုံးကျည်ကို မြောက်ကိုရီးယားက စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တာဝေးပစ် မဟာဗျူဟာမြောက် ခရုဇ် (Cruise) ဒုံးကျည်နှစ်စင်း ပစ်လွှတ်မှုကို ခေါင်းဆောင် ကင်မ်ဂျုံ အန်း ကြီးကြပ်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရမီဒီယာကို ကိုးကား၍ ရိုက်တာက အောက်တိုဘာ ၁၃ ရက်တွင် သတင်းဖော်ပြသည်။

စစ်ဘက်ဆိုင်ရာ ယူနစ်များအတွက် နျူကလီးယား စွမ်းရည်နှင့် လက်နက်များ၏ စွမ်းဆောင်ရည်ကို အတည်ပြု စမ်းသပ်ရန် ထိုဒုံးကျည်နှစ်စင်းအား ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၂ ရက်တွင် စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဟု သိရပြီး ဗျူဟာမြောက် နျူကလီးယား စစ်ဆင်ရေးအတွက် ကိုရီးယားပြည်သူ့တပ်မတော် သုံးစွဲမည့် ခရုဇ်ဒုံးကျည်များ၏ ချေမှုန်းရေးစွမ်းရည်ကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း မြောက်ကိုရီးယားမီဒီယာ KCNA က ထုတ်လွှင့်ခဲ့သည်။

ယခု စမ်းသပ် ပစ်လွှတ်ခြင်းသည် မိမိ၏ ရန်သူများကို ထပ်မံ၍ အတိအလင်း သတိပေးချက်ဖြစ်ကြောင်း မြောက်ကိုရီးယားက အလေးပေး ပြောကြားခဲ့သည်။

ဒုံးကျည်ပစ်လွှတ်နေစဉ် (KCNA)

မိမိတို့နိုင်ငံသည် စစ်ရေး အကျပ်အတည်းကို အချိန်မရွေး ပြတ်သားစွာ ဟန့်တားနိုင်ရန်အတွက် ဗျူဟာမြောက် နျူကလီးယား လက်နက်ကိုင် တပ်ဖွဲ့များ၏ စစ်ဆင်ရေး နယ်ပယ်ကို ချဲ့ထွင်သင့်ကြောင်း၊ ထို့အတွက် ယခု စမ်းသပ်ပစ်လွှတ်မှုဖြင့် အစပြုခြင်းဖြစ်ကြောင်း KCNA က သတင်း ဆက်လက် ဖော်ပြသည်။

အောက်တိုဘာ ၁၀ ရက်တွင် ကင်မ်ဂျုံအန်းသည် ယခင်သီတင်းပတ်၌ တောင်ကိုရီးယားနှင့် အမေရိကန် ပူးတွဲ ရေတပ် လေ့ကျင့်မှု ကန့်ကွက်သည့် အနေဖြင့် ဗျူဟာမြောက် နျူကလီးယား စစ်ရေးစွမ်းရည် လေ့ကျင့်ရန် ညွှန်ကြားခဲ့ကြောင်း KCNA သတင်းအရ သိရသည်။

အောက်တိုဘာ ၁၂ ရက်၌ စမ်းသပ်ပစ်လွှတ်ခဲ့သော ခရုဇ်ဒုံးကျည်နှစ်စင်းသည် စက္ကန့်ပေါင်း ၁၀,၂၃၄ ကြာအောင် လေထဲတွင် ပျံသန်းခဲ့ပြီး ကီလိုမီတာ ၂,၀၀၀ ( မိုင် ၁၂၄၀) အကွာအဝေးရှိ ပစ်မှတ်ကို တိကျစွာထိမှန်ခဲ့သည်။

အဆိုပါ ဒုံးကျည် ပစ်လွှတ်မှုနှင့်ပတ်သက်၍ ရိုက်တာက သဘောထား မှတ်ချက် တောင်းခံခဲ့သော်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ငြင်းဆိုခဲ့သည်။

ဝါရှင်တန်သည် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် မဟာမိတ်များ၊ မိတ်ဖက် နိုင်ငံ များနှင့် အနီးကပ် ပူပေါင်းဆောင်ရွက်သွားရေး အာရုံစိုက်ထားကြောင်းသာ ၎င်းက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ဗျူဟာမြောက် ခရုဇ်ဒုံးကျည်ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ပထမဆုံး စမ်းသပ်ခဲ့ရာ ထိုစဉ်က အဆိုပါ ဒုံးကျည်ကို ၎င်းနိုင်ငံ၏ပထမဆုံး နျူကလီးယားလက်နက်ဟု စစ်ရေးလေ့လာသုံးသပ်သူများက ရှုမြင်ခဲ့ကြသည်။

Source: Reuters