CNI International News

နယူးဒေလီ၊ ဖေဖော်ဝါရီ ၃

အိန္ဒိယနိုင်ငံသည် အခြေခံ အဆောက်အအုံနှင့် ကာကွယ်ရေးကဏ္ဍတို့တွင် စံချိန်တင်ဘတ်ဂျက် ပမာဏကို သုံးစွဲ သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး နာမလာ စီသာရာမန် (Nirmala Sitharaman)က ဖေဖော်ဝါရီ ၁ ရက်၌ လွှတ်တော်သို့ ပြောကြားခဲ့ကြောင်း DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

အိန္ဒိယအစိုးရသည် အခြေခံ အဆောက်အအုံ ကဏ္ဍတွင် ဒေါ်လာ ၁၃၃ ဘီလျံနှင့် ကာကွယ်ရေးကဏ္ဍ၌ ဒေါ်လာ ၈၅ ဘီလျံ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်။

ထိုပမာဏသည် လွန်ခဲ့သည့်နှစ် ဘတ်ဂျက်နှင့် နှိုင်းယှဉ်လျှင် ၉ ရာခိုင်နှုန်းနှင့် ၁၅ ရာခိုင်နှုန်းခန့် အသီးသီး တိုးမြှင့် လိုက်ခြင်း ဖြစ်သည်။

ထို့ပြင် အစိုးရအနေဖြင့် မဟာဗျူဟာမြောက် ကဏ္ဍ ၇ ခုတွင် ကုန်ထုတ်လုပ်မှုကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးက ကြေညာခဲ့သည်။

ထိုကဏ္ဍများတွင် ဆေးဝါးလုပ်ငန်း၊ တစ်ပိုင်းလျှပ်ကူး ပစ္စည်းများ၊ မြေရှားသတ္တုသံလိုက်များ၊ ဓာတုဗေဒပစ္စည်းများ၊ ကုန်စည်များ၊ အထည်အလိပ်နှင့် အားကစားပစ္စည်းများ ပါဝင်သည်။

အိန္ဒိယရဲ့ စစ်အင်အားကိုတွေ့ရစဉ်

“အိန္ဒိယနိုင်ငံဟာ လူတိုင်းပါဝင်မှုနဲ့ ရည်မှန်းချက် ကြီးမားမှုတို့ကို မျှတအောင် ထိန်းညှိပြီး ဖွံ့ဖြိုတိုးတက်တဲ့ အိန္ဒိယ နိုင်ငံတော်သစ်ဆီကို ယုံကြည်မှုရှိရှိ လျှောက်လှမ်းနေမှာ ဖြစ်ပါတယ်” ဟု စီသာရာမန်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အတွက် နိုင်ငံတော်ဘတ်ဂျက် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

အိန္ဒိယက ရုရှားထံမှ ရေနံဝယ်ယူမှုအတွက် တုန့်ပြန်သည့် အနေဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ( Donald Trump) က ပြီးခဲ့သည့် သြဂုတ်လတွင် အိန္ဒိယကုန်ပစ္စည်းများအပေါ် အခွန် ၅၀ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ပြီးနောက်ပိုင်း ယခုဘတ်ဂျက်သည် ပထမဆုံး တင်သွင်းသော ဘတ်ဂျက် ဖြစ်သည်။

ဘတ်ဂျက် တင်ပြပြီးနောက် ဝန်ကြီးချုပ် မိုဒီ (Narendra Modi)က “အိန္ဒိယဟာ အရှိန်အဟုန် အမြန်ဆုံး တိုးတက် နေတဲ့ စီးပွားရေးနိုင်ငံတစ်ခု ဖြစ်ရုံနဲ့တင် အားမရသေးပါဘူး။ အိန္ဒိယဟာ ကမ္ဘာ့တတိယ အကြီးဆုံး စီးပွားရေး အင်အားကြီးနိုင်ငံ ဖြစ်ချင်တာပါ။ ဒီနှစ် ဘတ်ဂျက်ဟာ ပြည်တွင်း ကုန်ထုတ်လုပ်မှုနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်မှုတို့ကို အရှိန်အဟုန်သစ်တွေ ပေးနိုင်ဖို့ ရည်မှန်းချက်ကြီးမားတဲ့ လမ်းပြမြေပုံကို ချပြလိုက်တာ ဖြစ်ပါ တယ်”ဟု ပြောကြားခဲ့သည်။

Source: DW