CNI International News

ဘေဂျင်း၊ ဇွန်လ ၂၄

တရုတ်၏ HQ-29 ပဲ့ထိန်းဒုံးကျည် ကာကွယ်ရေးစနစ်ကို နေရာရွှေ့ပြောင်းနေသည့် ဗွီဒီယိုမှတ်တမ်းတစ်ခုသည် လူမှုမီဒီယာများပေါ်တွင် ပျံ့နှံ့နေကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ထို့ကြောင့် တရုတ်သည် စက်တင်ဘာလတွင် ဘေဂျင်း (Beijing) မြို့တော်၌ ပြုလုပ်မည့် စစ်ရေးပြ အခမ်းအနား တွင် ထိုဒုံးကျည် ကာကွယ်ရေးစနစ်ကို ထုတ်ဖော်ပြသဖွယ်ရှိကြောင်း ထင်ကြေးပေးမှုများ ထွက်ပေါ်လာခဲ့သည်။

တရုတ်က ထိုဒုံးကျည် ကာကွယ်ရေးစနစ်ကို တရားဝင် ကြေညာထားခြင်း မရှိသေးသော်လည်း အဆိုပါ ဒုံးကျည် ကာကွယ်ရေး စနစ်သစ်သည် တရုတ်၏ HQ-19 အပါအဝင် အခြားဒုံးကျည် ကာကွယ်ရေး စနစ်များထက် ပိုမို ခေတ်မီလိမ့်မည်ဟု ကျွမ်းကျင်သူများက ယူဆထားကြသည်။

HQ-19 ဒုံးကျည် ကာကွယ်ရေးစနစ်သည် အမေရိကန်၏ Terminal High Altitude Area Defence (THAAD) အမည်ရှိ ဒုံးကျည်ကာကွယ်ရေးစနစ်နှင့် ပုံစံချင်းတူနေသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။

တရုတ်ရဲ့ ဒုံးကျည်ကိုတွေ့ရစဉ်

ဇွန်လ ၁၇ ရက်က တရုတ်၏ လူမှုမီဒီယာတွင် ပျံ့နှံ့ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု၌ ဝင်ရိုးခြောက်ခုပါ ဒုံးပစ်လောင်ချာ တင်သော မော်တော်ယာဉ်တစ်ခုသည် ကြီးမားသည့် ဒုံးကျည်ကိုယ်ထည် နှစ်ခုကို သယ်ဆောင်သွားပုံအား မြင်တွေ့ရသည်။

ထိုဒုံးကျည် တစ်ခုချင်းစီသည် လုံးပတ် ၁ ဒသမ ၅ မီတာ (၄ ဒသမ ၉ ပေ) ခန့်ရှိကြောင်း ခန့်မှန်းချက်များ ထွက်ပေါ်နေသည်။

ထိုမော်တော်ယာဉ်သည် ဘေဂျင်းမြို့တော်သို့ ဦးတည်မောင်းနှင်သွားသဖြင့် ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့် နှစ်ပေါင်း ၈၀ ပြည့် အခမ်းအနားအဖြစ် စက်တင်ဘာ ၃ ရက်တွင် ပြုလုပ်မည့် စစ်ရေးပြ အခမ်းအနား၌ ထိုဒုံးကျည် ကာကွယ်ရေးစနစ်ကို ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ချပြရန် ပြင်ဆင်နေခြင်းဖြစ်နိုင်ကြောင်း ဗွီဒီယို တင်ထားသောပို့စ်တွင် ရေးသားဖော်ပြခဲ့သည်။

ထိုဗွီဒီယိုထဲတွင် မြင်တွေ့ရသည့် စနစ်သည် မတ်လအတွင်းက လမ်းမတစ်ခုပေါ်၌ တွေ့ရှိခဲ့သည့် ဒုံးပစ်လောင်ချာ တင်သော မော်တော်ယာဉ်နှင့် ပုံသဏ္ဍာန်ချင်း ဆင်တူနေသဖြင့် စစ်ရေးလေ့လာစောင့်ကြည့်သူများက HQ-29 ဒုံကျည်ကာကွယ်ရေးစနစ် ဖြစ်နိုင်ကြောင်း ခန့်မှန်းခဲ့ကြသည်။

ထိုဗွီဒီယိုကို screenshot ရိုက်ကူးထားသည့် ဓာတ်ပုံများသည် တရုတ်၏ လူမှုမီဒီယာတွင် ပျံ့နှံ့နေပြီး HQ-29 ဒုံးကျည်ကာာကွယ်ရေး စနစ်သစ်နှင့်ပတ်သက်ပြီး ဆွေးနွေးသည့် ပို့စ်များလည်း ပေါ်ပေါက်လာခဲ့သည်။

Source: South China Morning Post