CNI International News

ဘေကျင်း၊ ဩဂုတ် ၃၁

တရုတ်သည် အရှေ့တီမောနိုင်ငံနှင့် ပြည့်စုံကျယ်ပြန့်သည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမို တိုးမြှင့်ရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

ထို့နောက် သီတင်းနှစ်ပတ်အကြာတွင် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးရန်အတွက် အရှေ့တီမောနိုင်ငံသို့ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ထိုသဘောတူညီချက်နှင့်ပတ်သက်ပြီး ၂၀၀၂ ခုနှစ်က အင်ဒိုနီးရှားထံမှ လွတ်လပ်ရေးရခဲ့သည့် အရှေ့တီမောနိုင်ငံ ၏ လုံခြုံရေးမိတ်ဖက် နိုင်ငံများဖြစ်သော အမေရိကန်၊ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့က အနီးကပ် စောင့်ကြည့်လျက်ရှိသည်။

မကြာသေးမီ နှစ်များအတွင်း တရုတ်သည် သမုဒ္ဒရာပိုင်းဇုန်နှင့် အရှေ့တောင်အာရှ နယ်နိမိတ်မျဉ်းပေါ်တွင် ရှိနေပြီး ဩစတြေးလျ၏ မြောက်ဘက်ကမ်းရိုးတန်းနှင့် သိပ်မဝေးသည့် အရှေ့တီမောကဲ့သို့ ကျွန်းနိုင်ငံငယ်များနှင့် ကာကွယ်ရေး ဆက်ဆံမှုများကို မြှင့်တင်ခဲ့သည်။

အမေရကိန်နဲ့တရုတ် စစ်အင်အားပြထားစဉ်

ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နေရချိန်တွင် ထိုကျွန်းနိုင်ငံငယ်များသည် တရုတ်နှင့် အမေရိကန်အကြား ပထဝီနိုင်ငံရေးဆိုင်ရာ အားပြိုင်မှု၏ အဓိကဆုံချက် နေရာများ ဖြစ်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိုကျွန်းနိုင်ငံငယ်များသည် အဓိကကျသော ပင်လယ်ရေကြောင်း သွားလာသည့် နေရာများတွင် တည်ရှိပြီး သမုဒ္ဒရာ သယံဇာတများ ပေါကြွယ်ဝသော နေရာများ၌  တည်ရှိနေသောကြောင့် ဖြစ်သည်။

၂၀၂၂ ခုနှစ်က တရုတ်နှင့် ဆော်လ်မွန်ကျွန်းစုအကြား လုံခြုံရေးသဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ထိုလုံခြုံရေး သဘောတူစာချုပ်တွင် ပါရှိသည့် အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းမရှိသည့်တိုင် ဆော်လ်မွန်ကျွန်းစု၏ ဆိပ်ကမ်းများအား တရုတ်ရေတပ်က ဝင်ရောက်ခွင့် ရှိလာနိုင်သဖြင့် ဩစတြေးလျနှင့် အမေရိကန်တို့က စိုးရိမ် ကြောင်း ဖော်ပြခဲ့ကြသည်။

အမေရိကန် သမ္မတဘိုင်ဒန်နဲ့ တရုတ် သမ္မတရှီကျင့်ဖျင်ကိုတွေ့ရစဉ်

ယခုနှစ် ဖေဖော်ဝါရီလကလည်း ဆော်လ်မွန်ကျွန်းစု၏ အာဏာရပါတီက တရုတ်နှင့် ဆက်ဆံရေးများကို မြှင့်တင် မည်ဟု ကတိပြုခဲ့ပြီး ဩစတြေးလျကဲ့သို့ ထုံးတမ်းစဉ်လာ မိတ်ဖက်နိုင်ငံများနှင့် ဆက်ဆံရေးများကိုလည်း ဆက်လက် ထိန်းသိမ်းထားခဲ့သည်။

တရုတ်၏ မြင့်တက်လာသည့် ဩဇာလွှမ်းမိုးမှုကြောင့် ဒေသတွင်း တရုတ်အစိုးရ၏ မဟာဗျူဟာမြောက် အလားအလာကို ပိုမိုချဲ့ထွင်နိုင်စွမ်း ရှိလာသကဲ့သို့ တစ်ဖက်တွင်လည်း အရှေ့တီမောနှင့် အသေးစား ကျွန်းနိုင်ငံငယ်များသည် တရုတ်နှင့် ဆက်ဆံရေးမှတစ်ဆင့် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ရရှိရန် ကြိုးပမ်းနေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အာရှ၏ အဆင်းရဲဆုံး နိုင်ငံများထဲတွင် ပါဝင်နေသည့် အရှေ့တီမောသည် လွတ်လပ်ရေးမရမီက ပဋိပက္ခများ ကြောင့် အဖက်ဖက်က ယိုယွင်းနေသည့် ကဏ္ဍများကို ပြန်လည်ထူထောင်ရန် ရုန်းကန်နေရဆဲဖြစ်၍ တရုတ်၏ အကူအညီကို ရယူရန် ကြိုးပမ်းနေသည်ဟု စင်္ကာပူအမျိုးသားတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ တွဲဖက်ပါမောက္ခ ဟွမ်ချင်ဟို (Huang Chin-Hao) က ပြောကြားခဲ့သည်။

Source: SCMP