CNI International News

မနီလာ၊ ဖေဖော်ဝါရီ ၃

မိမိတို့နိုင်ငံတွင်း အမေရိကန်၏ စစ်တပ်အင်အားကို တိုးချဲ့ရန် အမေရိကန်နှင့် ဖိလစ်ပိုင်ကြား သဘောတူခဲ့ သည်ဟု ဖိလစ်ပိုင်က ကြာသပတေးနေ့တွင် ကြေညာခဲ့သည်ဟု အေပီသတင်းမှာ ဖော်ပြသည်။

ကြာသပတေးနေ့က သဘောတူချက်ကြောင့် အမေရိကန်တပ်ဖွဲ့များသည် စစ်စခန်း နောက်ထပ် လေးခု ထပ်မံ တည်ဆောက်ခွင့် ရရှိမည်ဖြစ်ပြီး ယင်းကို အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) ရောက်ရှိနေချိန်တွင် ကြေညာခဲ့သည်။

တရုတ်၏ စစ်ရေးတိုးချဲ့မှု၊ ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ်ကို ၎င်းတို့ပိုင်ဆိုင်ကြောင်း ပြောဆိုမှုများ မြင့်တက် လာနေရှိချိန်မှာပဲ အော်စတင်သည် ဒေသတွင်း လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန်၊ အမေရိကန်နှင့် အာရှမဟာမိတ် တပ်ဖွဲ့များ၏ နေရာချထားမှုများ၊ လက်နက်တပ်ဆင်မှုများကို မွမ်းမံရန် ဦးဆောင် ဆောင်ရွက်နေ သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကိုတွေ့ရစဉ်(AP)

သဘောတူညီချက်သည် အရေးပါသော ကိစ္စရပ်ဖြစ်သည်ဟု အော်စတင်က သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ ထိုသဘောတူညီချက်က ဖိလစ်ပိုင်တွင် အမေရိကန်တပ်များ၏ အမြဲတမ်း စစ်စခန်းများကို ပြန်လည် စတင်မည့် အဓိပ္ပါယ်မျိုး မဟုတ်ဟုလည်း ရှင်းလင်းသည်။

ဖိလစ်ပိုင်ဝန်ကြီး ကာလီတို ဂဲလ်ဗက်ဇ် ဂျူနီယာ(Carlito Galvez Jr.) နှင့် သတင်းစာ ရှင်းလင်းပွဲတွင် အော်စတင် က အမေရိကန်၏ စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှုများနှင့် ပတ်သက်၍ အာမခံချက်ပေးခဲ့သည်။

ထို့နောက် ၁၉၅၁ ခုနှစ် အပြန်အလှန် ကာကွယ်ရေးစာချုပ်သည် တောင်တရုတ်ပင်လယ်အတွင်းရှိ ၎င်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့ အသီးသီးနှင့် အရပ်ဘက်သင်္ဘောများ သို့မဟုတ် လေယာဉ်များအပေါ် တိုက်ခိုက်မှုများတွင် ကျင့်သုံးသွားမည်ဟု ၎င်းက ပြောသည်။

စစ်ရေးနှင့် စီးပွားရေးဆိုင်ရာ ပြိုင်ဘက် နိုင်ငံတစ်ခုအဖြစ် တရုတ်နိုင်ငံ၏ အားကောင်းလာမှုအပြင် မြောက် ကိုရီးယား၏ ခြိမ်းခြောက်မှုများကို ကောင်းစွာ တန်ပြန်ုနိုင်ရန်အတွက် အမေရိကန် ခေါင်းဆောင်များသည် ၎င်းတို့၏ နိုင်ခြားရေးမူဝဒါများကို ပြန်လည်ပြင်ဆင်ရန် ကာလရှည်ကြာ ကြိုးပမ်းခဲ့သည်။

 အမေရိကန်ကို ဆန့်ကျင် ကန့်ကွက်နေကြသော ဖိလစ်ပိုင်ပြည်သူများကိုတွေ့ရစဉ်(AP)

လာမည့် သီတင်းပတ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်(Antony Blinken) နှင့် တရုတ်နိုင်ငံ ခြားရေးဝန်ကြီးသစ် ချင်ဂန် (Qin Gang)တို့ တွေ့ဆုံမှုတွင် တရုတ်နှင့်ထိုင်ဝမ်ကြား တင်းမာမှုများကို ဦးစားပေး ဆွေးနွေးသွားမည် ဖြစ်သည်။

ဖိလစ်ပိုင်နှင့် သဘောတူညီချက် မတိုင်ခင် အမေရိကန် ကာကွယ်ရေးဝန်ကြီးသည် တောင်ကိုရီးယားသို့ တိုက် လေယာဉ်နှင့် ဗုံးကြဲလေယာဉ်များ ထပ်မံပို့ဆောင်ရန်၊ ဂျပန်ရှိ အမေရိကန်တပ်ဖွဲ့များတွင် ပြောင်းလဲမှုများ လုပ်ဆောင်ရန် အခြေအနေများပါဝင်သည့် ထုတ်ပြန်ကြေညာချက်များ ပြုလုပ်ခဲ့သည်။

ယင်းတို့တွင် သြစတြေးလျသို့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ ထောက်ပံ့ရေး ဆုံးဖြတ်ချက်အပြင် ဘိုင်ဒန်အစိုးရ၏ လက်နက်၊ လေ့ကျင့်မှုနှင့် ကတိကဝတ်များလည်း ပါဝင်သည်။

Source: AP