CNI International News

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၀ 

ပင်လယ်နီ (Red Sea)တွင် ပင်လယ်ကူးသင်္ဘောများကို ဟူရ်သီ (Houthi) သူပုန်များ ထိန်းချုပ်ထားသည့် ယီမင်နိုင်ငံ၏ နယ်မြေများထဲမှ ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်နေသည့် ဖြစ်စဉ်များကို ကာကွယ်ရန်နှင့် တန်ပြန်တိုက်ခိုက်ရန် အမေရိကန်နှင့် အခြားနိုင်ငံများက ကာကွယ်ရေးတပ်ဖွဲ့အသစ်ကို ဖွဲ့စည်းကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) က ဘာရိန်းတွင် ကြေညာခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ပင်လယ်နီတွင် သင်္ဘောများ ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည့် ဖြစ်စဉ်များကြောင့် သင်္ဘောကုမ္ပဏီ အများစု သည် လုံခြုံရေးအခြေအနေကြောင့် သင်္ဘောပြေးဆွဲမှုများကို ရပ်ဆိုင်းခြင်းနှင့် ဘက် အယ်လ် မန်ဒက် (Bab el-Mandeb) ရေလက်ကြားအတွင်းသို့ မဝင်ရန် ကြေညာချက် ထုတ်ပြန်ခြင်းတို့ ပြုလုပ်ခဲ့ရသည်။

ဒီဇင်ဘာ ၁၈ ရက်ကလည်း ပင်လယ်ကူး သင်္ဘောနှစ်စင်း တိုက်ခိုက်ခံခဲ့ရသည်ဟု အမေရိကန်စစ်တပ်၏ ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်ခဲ့သည်။ 

စစ်သင်္ဘောတစ်စင်းကို တွေ့ရစဉ်

တိုက်ခိုက်ရေး ဒရုန်းတစ်စင်းနှင့် ပဲ့ထိန်းဒုံးကျည် တစ်စင်းသည် ယီမင် ကမ်းလွန်ရှိ ရေနံတင် သင်္ဘောတစ်စင်းကို ထိမှန်ခဲ့ပြီး တစ်ချိန်တည်းမှာပင် အနီးနားရှိ ကုန်တင်သင်္ဘောတစ်စင်းလည်း ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရသည်ဟု အမေရိကန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

"ဒါဟာ စုပေါင်းဖြေရှင်းရမယ့် နိုင်ငံတကာရဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီနေ့မှာ ကျနော်ဟာ နိုင်ငံပေါင်းစုံပါဝင်တဲ့ လုံခြုံရေးအင်အား အစုအဖွဲ့ဖြစ်တဲ့ Operation Prosperity Guardian ဆိုတဲ့ အဖွဲ့ကို ထူထောင်ကြောင်း ကြေညာအပ်ပါတယ်"ဟု အော်စတင်က ဘာရိန်းနိုင်ငံတွင် ပြောကြားခဲ့သည်။

ဝါရှင်တန်ဒီစီ၏ နယ်မြေ အရွယ်အစားရှိသည့် ပင်လယ်နီတွင် မည်သည့်အချိန်တွင်မဆို ကုန်တင်သင်္ဘောများနှင့် လောင်စာတင်သင်္ဘော ၄၀၀ ခန့် ဖြတ်သန်း မောင်းနှင်လေ့ရှိကြောင်း အမေရိကန်စစ်တပ်အရာရှိတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။ 

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကို တွေ့ရစဉ်

ယခုဖွဲ့စည်းလိုက်သည့် နိုင်ငံတကာ ပူးပေါင်းမစ်ရှင်အရ စစ်သင်္ဘောများသည် ကုန်တင်သင်္ဘောများနှင့် လောင်စာတင်သင်္ဘောများကို မရှိမဖြစ် လိုက်ပါစောင့်ကြပ်ပေးရန် မလိုအပ်သော်လည်း တတ်နိုင်သမျှ ကာကွယ်ပေးရန် အသင့်အနေအထားဖြင့် စစ်သင်္ဘောများကို ဖြန့်ကြက်ချထားမည်ဖြစ်သည်ဟု အမည်မဖော် လိုသည့် အမေရိကန် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အစ္စရေးနှင့် စစ်ပွဲဖြစ်ပွားနေသည့် ဟားမာ့စ်အဖွဲ့ကို ထောက်ခံသည့် ဟူရ်သီသူပုန်များကမူ ဂါဇာကမ်းမြောင် ဒေသအတွင်းသို့ အစားအစာနှင့် ဆေးဝါးများ တင်ပို့ခွင့် မပြုမချင်း အစ္စရေး၏ ဆိပ်ကမ်းများထံသို့ လာရောက်မည့် သင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဟု ပြောကြားခဲ့သည်။

Source: အေပီ