CNI International News

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၂၁

မလေးရှားနိုင်ငံသည် ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသည့် စစ်ပွဲကို တုန့်ပြန်သည့်အနေဖြင့် အစ္စရေးအလံ တင် သင်္ဘောများ အားလုံးကို မလေးရှား ဆိပ်ကမ်းများတွင် ဆိုက်ကပ်ခွင့်ပိတ်ပင်ကြောင်း ကြေညာခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ဒီဇင်ဘာ ၂၀ ရက်တွင် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim)က အစ္စရေး၏ အကြီးဆုံး သင်္ဘောကုမ္ပဏီဖြစ်သည့် ZIM ကုမ္ပဏီ အပါအဝင် အစ္စရေးနှင့် ဆက်နွှယ်မှုရှိသည့် သင်္ဘောများကို ပင်လယ်ရေ ကြောင်းဆိုင်ရာ တားမြစ်ပိတ်ပင်မှု ပြုလုပ်ရန် ဆုံးဖြတ်ကြောင်း ကြေညာခဲ့သည်။

ထို့ကြောင့် ပင်လယ်နီ (Red Sea) တွင် တိုက်ခိုက်မှုများကြောင့် ကုန်တင်သင်္ဘောများ ပြေးဆွဲမှု ရပ်တန့်နေချိန် တွင် မလေးရှား၏ ယခုပိတ်ပင်ချက်သည် ကမ္ဘာလုံးဆိုင်ရာ သင်္ဘောပြေးဆွဲမှုများကို အနှောင့်အယှက် ဖြစ်စေ နိုင်သည့် စိုးရိမ်မှုများမြင့်တက်လာခဲ့သည်။

 အစ္စရေး၏ ZIM ကုမ္ပဏီ သင်္ဘောကို တွေ့ရစဉ်

 အစ္စရေးသို့ သွားရောက်မည့် သင်္ဘောများသည်လည်း မလေးရှားနိုင်ငံ၏ မည်သည့်ဆိပ်ကမ်းတွင်မဆို ဆိုက်ကပ် ခွင့်နှင့် ကုန်တင်၊ ကုန်ချခွင့် တားမြစ်သွားမည်ဟုလည်း အန်ဝါက ပြောကြားခဲ့သည်။

နိုင်ငံ့လူဦးရေ၏ ၆၀ ရာခိုင်နှုန်းသည် မွတ်ဆလင် ဘာသာဝင်များဖြစ်သည့် မလေးရှားနိုင်ငံသည် အစ္စရေးနှင့် သံတမန်ဆက်ဆံရေး မရှိပေ။ 

ထို့ပြင် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွက် နှစ်နိုင်ငံ အတူယှဉ်တွဲ နေထိုင်ရေးသည် အဖြေတစ်ခုဖြစ်ကြောင်း လည်း မလေးရှားက ပြောကြားခဲ့သည်။ 

“မလေးရှားအစိုးရဟာ အစ္စရေးအခြေစိုက် ZIM သင်္ဘောကုမ္ပဏီရဲ့ သင်္ဘောတွေကို မလေးရှားရဲ့ ဘယ်ဆိပ်ကမ်းမှာ မဆို ဆိုက်ကမ်းခွင့်မပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု အန်ဝါက ပြောကြားခဲ့သည်။ 

 အစ္စရေး၏ ZIM ကုမ္ပဏီ သင်္ဘောကို တွေ့ရစဉ်

ထိုတားမြစ် ပိတ်ပင်မှုများသည် ပါလက်စတိုင်းတို့အပေါ် ဆန့်ကျင်သည့် အစ္စရေး၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်မှုနှင့် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အခြေခံအချက်များကို လျစ်လျူရှုထားသည့် အစ္စရေး၏ လုပ်ဆောင်ချက်များကို တုန့်ပြန် ခြင်း ဖြစ်သည်ဟု မလေးရှားဝန်ကြီးချုပ်က ပြောသည်။ 

အစ္စရေးအလံတင်ထားသည့် သင်္ဘောများကို မိမိတို့ ဆိပ်ကမ်းများတွင် ဆိုက်ကပ်ခွင့်နှင့် အစ္စရေးသို့ သွားမည့် သင်္ဘောများအား မိမိတို့ ဆိပ်ကမ်းများတွင် ကုန်တင်၊ ကုန်ချခွင့် တားမြစ်ပိတ်ပင်မှုသည် ချက်ချင်း အကျုံးဝင် သက်ရောက်သည်ဟုလည်း အန်ဝါက ပြောကြားခဲ့သည်။ 

မလေးရှားနိုင်ငံသည် ဂါဇာကမ်းမြောင်ဒေသအတွက် ဒေါ်လာ သန်းချီ ကူညီထောက်ပံ့ပေးခဲ့ပြီး အန်ဝါသည်လည်း အောက်တိုဘာ ၇ ရက်က စတင်ဖြစ်ပွားခဲ့သည့် အစ္စရေး-ဟားမာ့စ်စစ်ပွဲတွင် ပါလက်စတိုင်းတို့ကို ထောက်ခံခဲ့ သလို အစ္စရေးကို ရှုတ်ချခဲ့သည်။

Source: အယ်လ်ဂျာဇီးယား