CNI International News

ကဘူးလ်၊ စက်တင်ဘာ ၃

အာဖဂန်နစ္စတန်တွင် လူပေါင်း ၈၀၀ ကျော်သေဆုံးပြီး လူ ၂၈၀၀ ထက်မနည်း ဒါဏ်ရာရစေခဲ့သည့် အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် တာလီဘန်အစိုးရအဖွဲ့က စက်တင်ဘာ ၁ ရက်တွင် နိုင်ငံတကာကို အကူအညီ တောင်းခံခဲ့ကြောင်း South China Morning Post မှဖော်ပြခဲ့သည်။

ကယ်ဆယ်ရေးသမားများသည် ခက်ခဲကြမ်းတမ်းသည့် လမ်းပန်းဆက်သွယ်ရေးများ၊ ရာသီဥတု ဆိုးရွားမှုများ ကြောင့် ငလျင်ဒဏ်ကို ဆိုးရွားစွာ ခံစားခဲ့ရသည့် နေရာဒေသများကို သွားရောက်ရန် အခက်တွေ့နေသည်။

ထို့ပြင် မကြာသေးမီက အာဖဂန်နစ္စတန်အတွက် အကူအညီပေးနေသည့် အမေရိကန်၏ ကူညီထောက်ပံ့မှုများ လျှော့ချခံရမှုက တာလီဘန်အဖွဲ့အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်။

ဩဂုတ် ၃၁ ရက်က ပါကစ္စတန်နယ်စပ်အနီးရှိ အာဖဂန်နစ္စတန်၏ နန်ဂါဟာ (Nangarhar) ပြည်နယ်တွင် လှုပ်ခတ်ခဲ့သည့် ရစ်ချ်တာစကေး ၆ ပြင်းအားရှိ ငလျင်ဒဏ်ကို ပါကစ္စတန်၏ မြို့တော် အစ္စလာမ်မာဘက် (Islamabad) တွင်လည်း ခံစားခဲ့ရသည်။

ထိုငလျင်သည် ၂၀၂၁ ခုနှစ်နောက်ပိုင်း တတိယမြောက် အင်အားအကြီးဆုံး ငလျင်ဖြစ်ပြီး ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်များတွင် လှုပ်ခတ်ခဲ့သည့် ငလျင်များကြောင့် လူ ၃၀၀၀ ကျော် သေဆုံးခဲ့သည်။

အာဖဂန်နစ္စတန်တွင် ကာလကြာရှည် စစ်ပွဲဖြစ်ပွားမှုကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ် အတည်းသည် ဆိုးရွားခဲ့ကာ တာလီဘန်တို့ အာဏာပြန်ရလာခဲ့သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း အခြေအနေသည် ပိုမိုဆိုးရွားလာခဲ့သည်။

ယခုနှစ် အစောပိုင်းက အမေရိကန်သည် အာဖဂန်နစ္စတန်အတွက် ဒေါ်လာ ၁ ဒသမ ၇ ဘီလျံတန်ဖိုးရှိ အကူအညီ ပေးရေး ကန်ထရိုက်များကို ရပ်တန့်ခဲ့သည်။

အာဖဂနစ္စတန် ငလျင်ဒဏ် ခံလိုက်ရတဲ့ ပြည်သူတွေကို တွေ့ရစဉ်

ထို့နောက် ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့ကလည်း ၎င်းတို့၏ အကူအညီပေးရေး အစီအစဉ်များကို ရပ်တန့်ခဲ့သည်။

၂၀၂၅ ခုနှစ်တွင် အာဖဂန်နစ္စတန်အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီသည် ဒေါ်လာ ၇၆၇ သန်းအထိ လျော့ကျသွားခဲ့သည်။

ယူအေအီးနိုင်ငံကမူ ငလျင်ဒဏ်ခံခဲ့ရသည့် အာဖဂန်နစ္စတန်အတွက် အစားအစာ၊ ဆေးဝါးနှင့် ရွက်ဖျင်တဲများ ပေးပို့ခဲ့ကာ ဗြိတိန်ကလည်း ငလျင်အတွက် အရေးပေါ် ရန်ပုံငွေအဖြစ် ပေါင် ၁ သန်း ထောက်ပံ့ပေးသွားမည်ဟု ကြေညာခဲ့သည်။

ဥရောပခေါင်းဆောင်များကလည်း အရေးပေါ် ရန်ပုံငွေအဖြစ် ယူရို ၁ သန်း လှူဒန်းခဲ့ကာ တရုတ်နိုင်ငံကလည်း အရေးပေါ် ကယ်ဆယ်ရေးအတွက် လိုအပ်သည့် ပစ္စည်းများကို ထောက်ပံ့ပေးမည်ဟု ကြေညာခဲ့သည်။

အိန္ဒိယနိုင်ငံကမူ ရွက်ဖျင်တဲများနှင့်  စားနပ်ရိက္ခာ အကူအညီများ ပေးပို့ခဲ့ပြီး နောက်ထပ် ကယ်ဆယ်ရေးပစ္စည်း များ ထောက်ပံ့ပေးမည်ဟု ဆိုသည်။

အမေရိကန်ကမူ ငလျင်အန္တရာယ်ကို ခံစားခဲ့ရသည့် အာဖဂန်ပြည်သူများအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ သော်လည်း အကူအညီပေးမည့် အစီအစဉ်ကို ကြေညာခြင်း မရှိသေးပေ။

Source: South China Morning Post