CNI International News
နယူးဒေလီ၊ အောက်တိုဘာ ၁၁
အိန္ဒိယက အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်ရှိ ၎င်း၏သံရုံးကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု အောက်တိုဘာ ၁၀ ရက်တွင် ကြေညာခဲ့ကြောင်း DW သတင်းဌာနမှ ဖော်ပြခဲ့သည်။
အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာပြန်လည် ထိန်းချုပ်ခဲ့သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း အိန္ဒိယက ၎င်း၏ သံရုံးကို ပိတ်ခဲ့ပြီးနောက် လေးနှစ်အကြာ၌ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေခြင်းဖြစ်သည်။
အာဖဂန်နိုင်ငံခြားရေးဝန်ကြီး အမီရာခန်း မွက်တာကီ(Amir Khan Muttaqi)နှင့် တွေ့ဆုံစဉ် အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး အက်စ်ဂျိုင်ရှန်ကာ( S Jaishankar )က ယခုကဲ့သို့ ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။
“ကဘူးလ်မြို့တော်မှာရှိတဲ့ အိန္ဒိယသံရုံးကို ပြန်လည်ဖွင့်လှစ်ဖို့ ဝမ်းမြောက် ဂုဏ်ယူစွာ ကြေညာလိုက်ပါတယ်”ဟု ဂျိုင်ရှန်ကာက ဆိုသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီက တာလီဘန်ဝန်ကြီးအတွက် ခရီးသွားလာခွင့် ကင်းလွတ်ခွင့်ကို အတည်ပြုခဲ့ ပြီးနောက် ၆ ရက်အကြာတွင် မက်တာကီက အောက်တိုဘာ ၉ ရက်၌ အိန္ဒိယသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
တာလီဘန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အိန္ဒိယသံအမတ်ကို တွေ့ရစဉ်
မွက်တာကီ၏ အိန္ဒိယခရီးစဉ်သည် အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာပြန်လည် ထိန်းချုပ်ပြီးနောက် အကြီးတန်း တာလီဘန် ခေါင်းဆောင်တစ်ဦး၏ ပထမဆုံး အိန္ဒိယခရီးစဉ်ဖြစ်လာသည်။
အိန္ဒိယအစိုးရသည် တာလီဘန်အစိုးရကို အသိအမှတ် မပြုသေးသည့်တိုင် အဓိက သံတမန်လှုပ်ရှားမှု ပေါ်ပေါက် လာခဲ့ခြင်းဖြစ်သည်။
ကဘူးလ်တွင် ၎င်း၏သံရုံးကို ပိတ်ခဲ့ပြီးနောက် တစ်နှစ်အကြာ၌ အိန္ဒိယက ကုန်သွယ်ရေး၊ ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှုနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီကို အာရုံစိုက် လုပ်ဆောင်ရန်အတွက် အသေးစား ကောင်စစ်ဝန်တာဝန်ကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။
တာလီဘန်အစိုးရနှင့် အိန္ဒိယ၏ရန်ဘက် ပါကစ္စတန်ကြား ဆက်ဆံရေး ဆိုးရွားလာစဉ် အိန္ဒိယအစိုးရ၏ အာဖဂန်နစ္စတန်ဆိုင်ရာ မူဝါဒ ပြောင်းလဲလာခဲ့ခြင်းလည်း ဖြစ်သည်။
Source: DW