CNI International News

ဘန်ကောက်၊ မေလ ၃၀

ထိုင်းအစိုးရရှေ့နေချုပ်က ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) ကို တော်ဝင် အသရေဖျက်မှု၊ ကွန်ပျူတာ ရာဇဝတ်စွဲချက်များဖြင့် စွပ်စွဲပြစ်တင်လိမ့်မည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

အစိုးရရှေ့နေချုပ် အမ်နတ် ချက်ချာရွန်နက် (Amnat Chetcharoenrak) သည် သက်ဆင်ကို ရဲတပ်ဖွဲ့က စွဲဆိုသည့် ထိုစွဲချက်များဖြင့် စွပ်စွဲပြစ်တင်ရန် မေလ ၂၇ ရက်က ဆုံးဖြတ်ခဲ့သည်ဟု အစိုးရရှေ့နေချုပ်ရုံး (OAG) ၏ ပြောရေးဆိုခွင့်ရှိသူ ပရာယွတ် ပက်ချာရာခွန် (Prayut Phetchearkhun) က ပြောကြားခဲ့ သည်။

သက်ဆင်သည် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်က တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ် (Seoul) မြို့တော်တွင် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် တော်ဝင်မိသားစုအကြောင်း မှတ်ချက်ပေးခဲ့ပြီး၊ ကွန်ပျူတာစနစ်ထဲတွင်လည်း အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုဟု ယူဆရသည့် အချက်အလက်ကို ထည့်သွင်းခဲ့သည့် စွဲချက်များဖြင့် စွပ်စွဲခံခဲ့ရခြင်းဖြစ်သည်ဟု ပရာယွတ်က ပြောသည်။

သို့သော် သက်ဆင်၏ ရှေ့နေဖြစ်သူသည် COVID-19 ရောဂါ ဖြစ်ပွားနေသဖြင့် သက်ဆင်ကို တရားရုံးသို့ ချက်ချင်း လာရောက်ရန် စီမံနိုင်ခြင်းမရှိဘဲ စွပ်စွဲပြစ်တင်မှုကို ရက်ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

အစိုးရရှေ့နေချုပ် အမ်နတ် ချက်ချာရွန်နက်ကို တွေ့ရစဉ်

သက်ဆင်၏ ရှေ့နေသည် ကိုဗစ်ဖြစ်ပွားမှုကြောင့် ဇွန်လ ၁၃ ရက်အထိ အနားယူရမည်ဖြစ်ပြီး ကြားနာစစ်ဆေးမှု ကို ဇွန်လ ၁၅ ရက်အထိ ရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့သည်။

အစိုးရရှေ့နေများကမူ သက်ဆင်ကို စွပ်စွဲပြစ်တင်မှုဆိုင်ရာ ကြားနာစစ်ဆေးမှုအတွက် ဇွန်လ ၁၈ ရက် နံနက် ၉ နာရီတွင် အစိုးရရှေ့နေချုပ်ရုံးသို့ လာရောက်ရန် အမိန့်ထုတ်ပြန်ခဲ့သည်ဟု မစ္စတာ ပရာယွတ်က ပြောသည်။

အစိုးရရှေ့နေချုပ်ရုံး၏ ကြေညာချက် ထွက်ပေါ်လာပြီးနောက် သက်ဆင်၏ ရှေ့နေဖြစ်သူ ဝင်ယတ် ချတ်မွန်ထရီ (Winyat Chartmontri) က သက်ဆင်သည် စွဲချက်များကို ခုခံလျှောက်လွှဲ သွားလိမ့်မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

သက်ဆင်သည် ၂၀၁၅ ခုနှစ်က တောင်ကိုရီးယား၏ Chosun Ilbo သတင်းစာနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူး တစ်ခုတွင် ဘုရင်စနစ်ကို အသရေဖျက်သည့် မှတ်ချက်စကားများကို ပြောကြားခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။

သက်ဆင်၏ ပြောကြားချက်များသည် တော်ဝင် အသရေဖျက်မှုဥပဒေ၏ ပိုဒ်ခွဲ ၁၁၂ ကို ချိုးဖောက်ရာ ရောက်ကြောင်း ရဲတပ်ဖွဲ့က စွပ်စွဲခဲ့သည်။

Source: ဘန်ကောက်ပို့စ်