CNI International News

ဘန်ကောက်၊ မေလ ၂၉

ထိုင်းကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်တွင်းလုပ် ကျည်ကာ နည်းဗျူဟာမြောက်ယာဉ် (ATV) များနှင့် လက်နက်များကို ဘူတန်နိုင်ငံ၏ အမျိုးသားရဲတပ်ဖွဲ့အေဂျင်စီအား လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

မေလ ၂၇ ရက်က ဘန်ကောက်မြို့တော်ရှိ ဘူတန်သံရုံးမှ အရာရှိများနှင့် ဘူတန်ရဲတပ်ဖွဲ့ အကြီးအကဲများ တက်ရောက်ခဲ့သည့် ထိုင်းကာကွယ်ရေးဝန်ကြီးဌာနတွင် ပြုလုပ်သော စစ်လက်နက်ပစ္စည်းများ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ထိုင်းကာကွယ်ရေးဝန်ကြီး ဆုတင် ကလန်ဆန် (Sutin Klungsang) က ဦးဆောင် ပြုလုပ်ခဲ့သည်။

ထိုအခမ်းအနားတွင် ATV ကျည်ကာကား ၁၀ စီး၊ ၇ ဒသမ ၆၂ မမ ကာဘိုင် အလက် ၂၀၀၊ ပစ္စတို အလက် ၃၀ တို့ကို လွှဲပြောင်းပေးအပ်ခဲ့ပြီး နိုင်ငံ၏ ကာကွယ်ရေးကဏ္ဍတွင် ပုဂ္ဂလိကကဏ္ဍ ပါဝင်လာမှု၏ အရေးကြီးပုံနှင့် နောက်ထပ် ကာကွယ်ရေးပစ္စည်းများ တင်ပို့ရောင်းချမှုများကို ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်းသွားရန် အစီအစဉ်ရှိကြောင်း မစ္စတာ ဆုတင်က ပြောကြားခဲ့သည်။

ATV ကျည်ကာကားများကို ထိုင်းစက်မှုအင်ဂျင်နီယာများက ဒီဇိုင်းရေးဆွဲပြီး ထိုင်းကာကွယ်ရေး လုပ်ငန်းများ ကုမ္ပဏီ (TDI)က ထုတ်လုပ်ခဲ့ခြင်းဖြစ်ကာ လူ ၁၁ ဦး လိုက်ပါစီးနင်းနိုင်သည့် ထိုကျည်ကာကားများကို နိုင်ငံအချို့သို့ တင်ပို့ရောင်းချခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုင်းက ဘူတန်ကို ပေးမယ့် ကျည်ကာကားတွေကို တွေ့ရစဉ်

လက်နက်များကိုမူ ထိုင်းအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဖြစ်သည့် လက်နက်ထုတ်လုပ်မှု လုပ်ငန်းများ (WMI) က ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း မစ္စတာဆုတင်က ပြောကြားခဲ့သည်။

TDI သည် ဘူတန်နှင့် အခြား အရှေ့တောင်အာရှနိုင်ငံအချို့သို့ ကာကွယ်ရေးပစ္စည်းများ တင်ပို့ရောင်းချရန် စီစဉ်ထားသည်ဟုလည်း ၎င်းက ပြောသည်။

TDI နှင့် WMI တို့၏ အောင်မြင်မှုများသည် ထိုင်းနိုင်ငံ၏ လုံခြုံရေးလုပ်ငန်းကဏ္ဍတွင် ကြီးမားသည့် ခြေလှမ်းများ ဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍ၏ လုပ်နိုင်စွမ်းများနှင့် ကမ္ဘာ့စင်မြင့်ထက်တွင် အရှိန်အဟုန် ကောင်းနေချိန်၌ နိုင်ငံကို ဆက်လက် တိုးတက်စေရန် အထောက်အကူ ဖြစ်စေကြောင်း ဆုတင်က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ လက်နက်လုပ်ငန်းကဏ္ဍသည် နိုင်ငံ့စီးပွားရေးကို လှုံ့ဆော်ရန် ရည်မှန်းထားသည့် လုပ်ငန်းကဏ္ဍ ၁၁ ခုတွင် တစ်ခု အပါအဝင်ဖြစ်ပြီး အစိုးရ၏ ကူညီထောက်ပံ့မှုများကို အများအပြား ရရှိထားသည်ဟု ဆုတင်က ပြောသည်။

ထို့ပြင် လက်နက်ထုတ်လုပ်မှုများနှင့် ပတ်သက်ဆက်နွှယ်သည့် ဥပဒေများ၊ ဝင်ငွေခွန်နှင့် အကောက်ခွန်တို့ကို ပြဋ္ဌာန်းသွားမည်ဖြစ်ပြီး ထိုဥပဒေများကို လွှတ်တော်တွင် ဆွေးနွေးသွားမည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်