CNI International News

အယုဒ္ဓယ၊ ဇန်နဝါရီ ၂၃

အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi)သည် နိုင်ငံမြောက်ပိုင်း အယုဒ္ဓယမြို့တွင် သမိုင်းဝင် ဗလီတစ်ခု ပျက်စီးခဲ့သည့် နေရာပေါ်၌ တည်ဆောက်ထားသော အငြင်းပွားဖွယ် ဟိန္ဒူဘုရားကျောင်းကို ဇန်နဝါရီ ၂၂ ရက်က ဖွင့်လှစ်ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။ 

ထိုလုပ်ဆောင်ချက်သည် အိန္ဒိယနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ်မှ ဟိန္ဒိူနိုင်ငံအဖြစ် အသွင်ပြောင်းလဲရန် ကြိုးပမ်း နေသည့် မိုဒီ၏ အားထုတ်ကြိုပမ်းမှုအတွက် နိုင်ငံရေးဆိုင်ရာ ဂုဏ်ယူစရာကောင်းသော လုပ်ဆောင်မှုတစ်ခု ဖြစ်ခဲ့သည်။

အဆိုပါ ဘုရားကျောင်းသည် ဟိန္ဒူဘာသာ၏ အရှင် ရာမ (Lord Ram) အတွက် ရည်စူးဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အရှင် ရာမကို ကြည်ညိုကိုင်းရှိုင်းသည့် သန်းနှင့်ချီသော ဟိန္ဒိူဘာသာဝင်များ၏ ဘုရားဝတ်ပြုခွင့်ရရန် တောင်းဆို မှုများကို ဖြည့်ဆည်းပေးရာ ရောက်ခဲ့သည်။ 

 ဟိန္ဒူဘုရားကျောင်း ဖွင့်ပွဲကိုတွေ့ရစဉ်

မိုဒီ၏ အာဏာရ BJP ပါတီနှင့် ဟိန္ဒိူအမျိုးသားရေး အုပ်စုများသည် မွန်ဂိုနှင့် ဗြိတိသျှကိုလိုနီ လက်အောက်သို့ ကျရောက်ခဲ့သည့် အိန္ဒိယနိုင်ငံတွင် ဖိနှိပ်ခံခဲ့ရသော ဟိန္ဒူဘာသာ၏ ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ရန် ကြိုးပမ်း လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။ 

မိုဒီနှင့် BJP ပါတီကမူ ထိုဘုရားကျောင်းဖွင့်ပွဲသည် ယခုနှစ် နွေရာသီတွင် ပြုလုပ်မည့် ရွေးကောက်ပွဲ၌ ၎င်းတို့အား သုံးနှစ်ဆက်တိုက် အနိုင်ရရှိစေရန် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု မျှော်လင့်ထားကြသည်။ 

သို့သော် ထိုဘုရားကျောင်းသည် အပြီးသတ် တည်ဆောက်ရခြင်း မရှိသေးဘဲ ဆောက်လုပ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်သဖြင့် မိုဒီသည် မဲဆန္ဒရှင်များ၏ ထောက်ခံမှုကို ရရှိရန် အလျင်စလို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဝေဖန်ရေးသမားများက သုံးသပ်ခဲ့ကြသည်။ 

ဟိန္ဒူဘုရားကျောင်း ဖွင့်ပွဲကိုတွေ့ရစဉ်

ဘုရားကျောင်းဖွင့်ပွဲ အခမ်းအနားတွင် ဟိန္ဒူဘုန်းတော်ကြီးများက ဓမ္မတေးများ ရွတ်ဖတ်ပူဇော်နေချိန်၌ မိုဒီသည် ရိုးရာဝတ်စုံကို ဝတ်ဆင်ပြီး ဘုရားကျောင်းအတွင်းရှိ အမြင့် ၄ ပေ ၃ လက်မရှိသည့် အရှင်ရာမ၏ ရုပ်တုကို ပူဇော် နေသည်ကို မြင်တွေ့ရသည်။ 

ထိုဘုရားကျောင်းဖွင့်ပွဲ အခမ်းအနားကို စက်မှုလုပ်ငန်းရှင်များ၊ နိုင်ငံရေးသမားများ၊ နာမည်ကြီး အနုပညာရှင်များ အပါအဝင် လူပေါင်း ၇၅၀၀ နီးပါးက တက်ရောက်ကြည့်ရှုခဲ့ပုံများအား ရုပ်သံမှ ထုတ်လွှင့်ပြသခဲ့သည်။

Source: အေပီ