CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၉

လက်ရှိ နစကနှင့် ငြိမ်းချမ်းရေး ဆွေး‌နွေးနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)နှင့်ပူးပေါင်း၍ တော်လှန်ရေးမှာ ပါဝင်လာအောင် စည်းရုံးသင့်ကြောင်း မြန်မာ့နိုင်ငံ‌ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

နစက၏ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို NUG ထံ မပါဝင်ရန် စည်းရုံးနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးသန်းစိုးနိုင်က “အဲဒါက‌တော့ တောက်လျှောက်လုပ်လာခဲ့တာ၊ ဒီနေ့ကာလဆိုရင် ပိုပြီးတော့ သိသာထင်ရှားပါ တယ်၊ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းမှာ စစ်ရေးပဋိပက္ခ အလွန်ပြင်းထန်လာတဲ့အခါမှာ တချို့ အားနည်းတဲ့ အဖွဲ့အစည်းတွေက စစ်ကောင်စီရဲ့ NCA သဘောတူ လက်မှတ်ရေးထိုးထားတဲ့ အင်အားစု တစ်ချို့နဲ့ ငြိမ်းချမ်းရေး ဆွေး‌နွေးပွဲ လှုပ်ရှားမှုတွေ လုပ်နေတယ်၊ ဒါဟာအဓိက အားဖြင့်တော့ ဒီအင်အားစုတွေကို NUG ဘက်ကို မသွားနိုင် ဖို့အတွက် ဆွဲဆောင်စည်းရုံးနေတဲ့ လှုပ်ရှားမှုသာဖြစ်ပြီး‌တော့ ဒီလှုပ်ရှားမှုတွေဟာ ကျနော်တို့ နွေဦးတော်လှန်ရေး အတွက်တော့ အကျိုးမရှိတဲ့ အကြောင်းအချက်သာဖြစ်တဲ့အတွက် အဲဒီအင်အားစုတွေကို NUG ဘက်က ဆွဲဆောင် စည်းရုံးတာ စတဲ့ လုပ်ငန်းတွေကို လုပ်သင့်တယ်လို့ မြင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

 NSPNC နဲ့ DKBA၊ KNU/KNLA-PC၊ PNLO၊ ALP၊ LDU  ခေါင်းဆောင်များတွေ့ဆုံစဉ်

ထို့နောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင် အမျိုး သား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့သည် နစကဥက္ကဋ္ဌနှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးလျက်ရှိသည်။

အလားတူ NCA မရေးထိုးရသေးသည့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေ စီ မဟာမိတ်တပ်မတော်(NDAA-မိုင်းလားအဖွဲ့)၊ သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ကလည်း နစကနှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးလျက်ရှိကြသည်။

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက “ဒါက‌တော့ သူတို့ လုပ်မှာပဲလေ၊ ဗမာပြည်ရဲ့ ပြဿနာအားလုံးက စစ်ကောင်စီ၊ စစ်အုပ်စုကြောင့်ဖြစ်တာ၊ ကျမတို့ အချင်းချင်း ကွဲပြဲနေတာလည်း ဒါပဲ၊ ဒါ ကြောင့် ဟိုနေ့က တိုင်းရင်းသားခေါင်းဆောင် တစ်ယောက်ပြောတာ ကျမ သိပ်သဘောကျတာ အဓိက ဒီ စစ်ကောင်စီ၊ စစ်အုပ်စု ပြုတ်ကျသွားဖို့ပဲ၊ သူပြုတ်ကျသွားရင် ကျ‌နော်တို့ ညီကိုမောင်နှမ အချင်းချင်း ဖြစ်နေတဲ့ ကိစ္စ ကျနော်တို့ဟာ ကျနော်တို့ ရှင်းနိုင်တယ်ဆိုတာ အမှန်ပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။

NUG နဲ့ PDF ကိုတွေ့ရစဉ်

မြန်မာ့တပ်မတော်က ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားနေမှုကို ဖြေရှင်းပေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရမှ မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းခဲ့သည်ဟုဆိုကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်ကို အရေးပေါ် အခြေအနေကြေညာခဲ့သည်။

ထို့နောက် မြန်မာ့တပ်မတော်ကို ဆန့်ကျင်ဆန္ဒပြမှုများ ပေါ်ပေါက်လာပြီးနောက် ဖြုတ်ချရေး NUG မှ လက်နက် ကိုင် တော်လှန်ရေးကို စတင်လာခဲ့သည်။

လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်း တပ်ဖွဲ့ များနှင့် မြန်မာ့တပ်မတော်ကြား ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။