CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၆

နစကကို ချေမှုန်းရေးသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ခြင်းနှင့် သက်ဆိုင်နေမှုကြောင့် တော်လှန်ရေးလုပ်ငန်းများကို ချဲ့ထွင်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ဗဟိုဘဏ်မှ ငွေကျပ် ၂ သောင်းတန်ကို ရိုက်နှိပ်မည်ဟု ကြေညာခဲ့ပြီးနောက် လူထုသည် ငွေကြေးဖောင်းပွမှုဒဏ် ကို ခံစားနေရကြောင်း၊ နစကသည် နိုင်ငံခြားငွေ ဖြည့်တင်းရေးကိစ္စကို ရသမျှ နည်းလမ်းဖြင့် ပြုလုပ်နေကြောင်း ၎င်းက ပြောသည်။

ဒူဝါလရှီးလက “တိုင်းပြည်ရဲ့ အတိတ်သမိုင်းကိုကြည့်ရင် စစ်အစိုးရအဆက်ဆက်ဟာ “ကြုံသလို ကြည့်-ကြပ်-လုပ်-ပေါ်လစီမျိုးနဲ့ လူထုအရေးကို လက်လွှတ်စပယ် လုပ်ခဲ့တာမျိုးတွေ အကြိမ်ကြိမ်တွေ့ရပါတယ်၊ အခုလည်း ဘေးထွက်ဆိုးကျိုးကို နားမလည်ဘဲ၊ ကျပ်ငွေ ၂ သောင်းတန် ငွေကြေး ရိုက်နှိပ်တာမျိုးကို လုပ်နေတာ တွေ့နေရ ပါတယ်။ လူထုဟာ နေ့စဉ် စားဝတ်နေရေး စရိတ်စကကြီးမားတဲ့ ဝန်ကို ထမ်းနေရပါတယ်၊ ဒါကြောင့် ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေ အနေနဲ့ ပိုပြီး အမြင်ကျယ်ကျယ်နဲ့ တော်လှန်ရေး လုပ်ငန်းစဉ်တွေကို ချဲ့ထွင်ဖို့ လိုပါတယ်” ဟု ပြောသည်။

ထို့အတူ မြန်မာ့တပ်မတော် အနေဖြင့် စစ်ရေးအသုံးစရိတ် လိုအပ်ချက် အလွန်အမင်း ကြီးမားလာသည်ကို တွေ့ရကြောင်း၊ အဆိုပါ လိုအပ်ချက်အား ဆေးမြှီးတိုနည်းဖြင့် ငွေကြေးရိုက်နှိပ်သည့် နည်းလမ်းမှာ တစ်ခု အပါအဝင် ဖြစ်ကြောင်း ၎င်းက ပြောသည်။\

NUG အဖွဲ့၀င်များကိုတွေ့ရစဉ်

လက်ရှိ နိုင်ငံရေး အကျပ်အတည်းကြားတွင် ပြည်သူလူထုများမှာ နစ်နာဆုံးရှုံးမှုဖြင့် ကြုံတွေ့နေရကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးစိန်ဝင်းက “ကျနော်ကတော့ အမှန်ပြောရရင်‌တော့ ဒီနွေဦးတော်လှန်ရေးဟာ ကြာကြာမထိန်းနိုင်ပါဘူး။ ကြာ ကြာမထိန်းနိုင်ဘူးဆိုတာ နွေဦးတော်လှန်ရေးဟာ ကျနော်အမြင်တော့ မအောင်မြင်နိုင်ပါဘူး။ မ‌အောင်မြင်နိုင်ဘူး။ ဘာလို့ဆို စထွက်ကတည်းက ခင်ဗျားလည်း သိနေတာပဲ၊ ထမိန်တွေလှန်၊ ဘာတွေလှန် မဟုတ်တာတွေ လျှောက် လုပ်နေတာကို။ တော်လှန်ရေးတစ်ခုဆိုတာ ပြည်သူပါဖို့ဆိုရင် ပြည်သူရဲ့ ယုံကြည်မှုကို ရအောင် ယူရမှာ၊ တချို့က လည်း ပြည်သူက သူတို့ဖက်က ပါတယ်၊ ပါတယ်ဆိုတာက တစ်ဖက်က ပါတယ်ဆိုတဲ့ အနေအထားက နှစ်သက်လို့ ပါတာ မဟုတ်ဘူး။ တစ်ဖက်ကလည်း တပ်မတော် အာဏာထိန်းတာကို မကြိုက်ဘူး။ တစ်ဖက်ကကြတော့လည်း နွေဦးတော်လှန်‌ရေးရဲ့ လုပ်ပုံကိုင်ပုံ ဆောင်ရွက်ပုံတွေက အကြိုက်မရှိဘူး။ မရှိ‌တော့ ဒီကိစ္စတွေက နောက်ဆုံး တော့ ပြောချင်တာတော့ ပြည်သူတွေ နာတာပေါ့ဗျာ၊ ပြည်သူတွေနာတယ်၊ တစ်ဖက်ကလည်း သူတို့ကို သူတို့ လေလိုင်းအားကိုးနဲ့ သူတို့ နိုင်မယ်၊ ပြုမယ်၊ ကျနော်ပေးလိုက်ချင်တယ်ဗျာ၊ သူတို့ကို အာဏာ ဘယ်လိုမှ မရဘူး။ ကျနော်က NLD ထဲမှာ လုပ်လာခဲ့တာ သိတာပေါ့၊ NLD ထဲမှာ ဘယ်လောက် ဘယ်လောက် အရည်အချင်းရှိတယ် ကျ‌နော်တို့ ပိုသိတာပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟု ဆို ကာ ဖြုတ်ချခဲ့သည်။

မြန်မာ့တပ်မတော် လုံခြုံရေးဆောင်ရွက်နေစဉ်

ထို့နောက် NLD လွှတ်တော်အမတ်များနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တချို့က တခြားသော လက်နက်ကိုင်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ မြန်မာ့တပ်မတော်ကို ဖြုတ်ချရေး လက်နက်ကိုင်တိုက်ပွဲကို ဖော်ဆောင်နေကြသည်။ 

အဆိုပါ လက်နက်ကိုင်ပဋိပက္ခသည် မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည်။ 

ထို့နောက် လက်နက်ကိုင် အဆုံးအဖြတ်သည် ၂၀၂၃ ခုနှစ်ကိုလည်း အဆုံးအဖြတ်နှစ်ဖြစ်ကြောင်း NUG ၏ ယာယီသမ္မတက ပြောကြားထားသည်။