CNI International News

ဘေဂျင်း၊ ဒီဇင်ဘာ ၃၁

လက်ရှိ အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ် ချင်ကန်(Qin Gang)ကို တရုတ်အစိုးရက နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်ဟု South China Morning Post သတင်းတွင် ဖော်ပြထားသည်။

အသက် ၅၆ နှစ်အရွယ် ချင်ကန်သည် လက်ရှိဝန်ကြီးဖြစ်သော အသက် ၆၉ နှစ်အရွယ် ဝမ်ယိနေရာတွင် အစားထိုး မည်ဟုလည်း နိုင်ငံပိုင် CCTV သတင်းတွင် သောကြာနေ့(ဒီဇင်ဘာ ၃၀ ရက်)က ဖော်ပြခဲ့သည်။

ဝမ်ယိသည် သံတမန်ရေးဆိုင်ရာ နိုင်ငံတော်အတိုင်ပင်ခံအဖြစ် ဆက်ရှိနေမည်ဟုလည်း သတင်းတွင် ဖော်ပြထား သည်။ ချင်ကန်သည် အောက်တိုဘာလတွင် ကျင်းပခဲ့သော အာဏာရကွန်မြူနစ်ပါတီ၏ အမျိုးသားညီလာခံတွင် အင်အားကြီး ဗဟိုကော်မတီသို့ ရာထူးတိုး ခံခဲ့ရခြင်းကြောင့် ၎င်းသည် တစ်ချိန်တွင် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာ မည်ဟု ကြိုတင် ခန့်မှန်းခြင်း ခံထားရသည်။

နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာ၀န်ယူခဲ့သူ ဝမ်ယိကိုတွေ့ရစဉ် (GETTY IMAEGS)

ဝမ်ယိသည် အဖွဲ့ဝင် ၂၄ ဦးပါ ပေါ်လစ်ဗျူရိုသို့ ရာထူးတိုးခြင်း ခံခဲ့ရပြီး ၎င်းသည် သမ္မတရှီ၏ နိုင်ငံ ခြားရေး မူဝါဒဆိုင်ရာ ထိပ်တန်း လက်ထောက် ယန်ဂျီးချီ၏ နေရာတွင် အစားထိုး ခံရမည်ဟုလည်း ယူဆနေကြသည်။

ချင်ကန်သည် နိုင်ငံခြားရေးဌာနတွင် ထင်ရှားသူများထဲမှ တစ်ဦးဖြစ်ကာ အမေရိကန်-တရုတ် ဆက်ဆံရေး အခက်အခဲများ ရှိနေချိန် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်အဖြစ် စေလွှတ်ခြင်း ခံခဲ့ရသည်။

သူ(ချင်ကန်) တာဝန်ထမ်းဆောင်စဉ် ရှင်ဂျန်းအရေး၊ ဟောင်ကောင်အရေးတို့နှင့် ပတ်သက်သည့် တရုတ် လူ့အခွင့်အရေး ကိစ္စရပ်များ၊ ထိုင်ဝမ်နှင့်နယ်နိမိတ် ပြဿနာများတို့တွင် တရုတ်နိုင်ငံ၏ အနေအထားနှင့် ပတ်သက်၍ ကာကွယ် ပြောဆိုခဲ့သည်။

ချင်ကန်သည် ယခင်က နိုင်ငံခြားရေးဌာနတွင် ဒုတိယဝန်ကြီးဖြစ်ခဲ့ပြီး မီဒီယာဆက်ဆံရေးနှင့် နိုင်ငံတကာ ခရီးစဉ် များအတွက် ပြင်ဆင်မှုများကို ကြီးကြပ်ခဲ့ရသည်။ သမ္မတ၏ ခရီးစဉ်များတွင် ပါဝင်ခဲ့မှုများအတွင်း ချင်ကန်သည် သမ္မတ ရှီကျင့်ဖျင်၏ ယုံကြည်မှုကို ရရှိခဲ့ခြင်း ဖြစ်သည်ဟုလည်း လေ့လာသူများက ပြောသည်။

တရုတ်ကွန်မြူနစ်ပါတီညီလာခံကိုတွေ့ရစဉ် (GETTY IMAGES)

၎င်းသည် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူအဖြစ် ၂၀၀၅ မှ ၂၀၁၂ အထိတစ်ကြိမ်၊ ၂၀၁၁ မှ ၂၀၁၅ အထိ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

နောက်ပိုင်း အချိန်ကာလတွင် တရုတ်နိုင်ငံသည် မထင်မရှား နေထိုင်ခြင်းမှ ချင်ကန် အပါအဝင် တိုက်ခိုက်ရန် အသင့်ရှိသော ငယ်ရွယ်သည့် သံတမန်မျိုးဆက်တစ်ခုကို စင်တင်ပေးခဲ့သည်။

ချင်သည် ဥရောပနှင့်ဗြိတိန်တို့တွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသည့် အတွေ့အကြုံလည်းရှိကာ သံမှူးဘဝမှ ကောင်စစ်ဝန်အဖြစ် မြင့်တက်လာခဲ့သလို လန်ဒန်ရှိ တရုတ်သံရုံးတွင်လည်း ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်သည်။

ထို့နောက် ချင်ကန်ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းသည် တရုတ်နိုင်ငံ၏ သံတမန် လူစာရင်း ပြောင်းလဲ မှုတွင် နောက်ဆုံး လုပ်ဆောင်ခဲ့သော အခြေအနေ ဖြစ်သည်။

Source: SCMP