CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၄
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးသည် တရုတ်ပေးမှ ရမည်ဟုပြောဆိုနေခြင်းက မမှန်ကန်ဘဲ ပြည်တွင်းငြိမ်းချမ်းရေးကို မိမိတို့ ကိုယ်တိုင်လုပ်မှသာ ရမည်ဟု NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် မြန်မာ့တပ်မတော်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)တို့အကြား ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စစ်မော်နင်းက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်တွင် ပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာ့တပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ အာရက္ခတပ်တော် (AA) တို့အကြား တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ယခုလအတွင်း တွေ့ဆုံဆွေးနွေးရန်ရှိနေကြောင်း သတင်းများ ထွက်ပေါ် နေသည်။
မြောက်ပိုင်းသုံးဖွဲ့နဲ့ NSPNC အတွင်းရေးမှူးကို တွေ့ရစဉ်
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(TNLA-AA-MNDAA)တို့ကလည်း တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် မြန်မာ့တပ်မတော် နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမည်ဟု အသီးသီး ထုတ်ပြန်ထားသည်။
တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုသည် ငြိမ်းချမ်းရေးအဆင့်ကို မရောက်သေးကြောင်း၊ ငြိမ်းချမ်းရေးရရန် ကိုယ့်ဟာကိုယ် လုပ်ရမည်ဖြစ်ပြီး တရုတ်ပေးမှ ငြိမ်းချမ်းရေးရမည်မှာ မဟုတ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက “ကျနော်ထင်တာတော့ ငြိမ်းချမ်းရေးလို့ သုံးရင်တော့ နည်းနည်းများသွားတယ်ထင်တယ်၊ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးဆိုတာက စစ်ရေးတစ်ခုထဲနဲ့ မရဘူး၊ နိုင်ငံရေးတစ်ခုထဲလည်း မရဘူး၊ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးပေါ့ဗျာ အားလုံးပူးပေါင်းပြီးတော့ နိုင်ငံရေးသဘောတူချက် ရလဒ်ကောင်းကောင်းထွက်မှ ငြိမ်းချမ်းရေးလို့ ပြောတာကိုး၊ အခုတရုတ်ဝင်တာက ငြိမ်းချမ်းရေးအဆင့်ကို မရောက်ဘူးဗျ၊ ဒီဒေသ တည်ငြိမ်ရေး နဲ့ ဒေသတွင်း ကုန်စည်စီးဆင်းမှု၊ ကုန်သွယ်ရေးလမ်းကြောင်း ပြန်ပွင့်(ဖွင့်)ဖို့ စီးပွားရေးနဲ့ တည်ငြိမ်ရေးလောက်ကို ဦးစားပေးတဲ့ အဆင့်ရှိတယ်ဗျ၊ တစ်ပြည်လုံးငြိမ်းချမ်းဖို့ အေးအေးဆေးဆေး နိုင်ငံရေးအရ ဆုံချက်ရှိဖို့ဆိုတာတော့ နည်းနည်းလိုသေးတယ်ဗျ၊ အဆင့်တစ်ဆင့်လိုသေးတယ်၊ ဒါကြောင့် တရုတ်ပေးမှ ငြိမ်းချမ်းရေး ရမယ်ဆိုတာ မဟုတ်ဘူး၊ ငြိမ်းချမ်းရေးကတော့ ကိုယ့်ဟာကိုယ် လုပ်ရမယ်၊ အခုသူဖန်တီးနေတာက တစ်ပြည်လုံးကို မစဥ်းစား ဘဲနဲ့ သူနဲ့သက်ဆိုင်တဲ့ ဒေသတွေမှာ တည်ငြိမ်မှုကို ရအောင်ယူမယ်၊ နောက်ပြီးတော့ စီးပွားရေးဖွံ့ဖြိုးမှုကို ရအောင်ယူမယ်၊ အဲတာက ဗမာပြည်မှာထားတဲ့ တရုတ်ပေါ်လစီက နှစ်ပေါင်းကြာပါတယ်၊ အခုလည်း အဲဒီ ပေါ်လစီအတိုင်း သွားနေတယ်လို့ ကျနော်ယူဆပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံမြောက်ပိုင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အတွက် ကူညီထောက်ပံ့ပေးရန်၊ ဆွေးနွေးပွဲများနှင့် ငြိမ်းချမ်းရေးရရှိစေရန် တရုတ်က တက်ကြွစွာ ဆက်လက်ဆောင်ရွက်ပေးမည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စစ်မော်နင်းက ပြောကြားထားသည်။
တရုတ်သည် မြန်မာ့နိုင်ငံရေးအား အပေါ်စီးရထားကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
AA ခေါင်းဆောင် ၂ ဦးကိုတွေ့ရစဉ်
ဦးကြီးမြင့်က “တရုတ်တော်လို့ မဟုတ်ပါဘူး၊ ကိုယ်ညံ့လို့ပါ၊ ကိုယ်ညံ့လို့ အဲလိုဖြစ်တာပေါ့၊ ကိုယ်က တရုတ် အောက်သွားပြီးတော့ ဒူးထောက်ကျတာပေါ့၊ ဒူးထောက်တဲ့အခါကျတော့ စကစ-ကလည်း တရုတ်ကလွဲလို့ ကိုးကွယ်ရာ မရှိတော့ဘူး၊ ရုရှားကလည်း သူ့ကိုလှည့်မကြည့်နိုင်ဘူး၊ ထိုနည်းတူပဲ ညီနောင်သုံးဖော်ကလည်း အထူးသဖြင့် MNDAA ပေါ့၊ MNDAA ကလည်း တရုတ်နဲ့ နယ်စပ်ချင်းကပ်နေတော့ တရုတ်စကားပြောတယ်၊ တရုတ်စာပေတွေ သုံးတယ်၊ တရုတ်အသံလွှင့်တယ် တရုတ်လိုလွှင့်တယ်၊ တရုတ်ငွေကြေးတွေ သုံးတယ်၊ ဆိုတော့ သူက တရုတ်နဲ့ သြဇာအလိုလို ညောင်းပြီးသားပေါ့၊ “ဝ”လည်းဒီတိုင်းပဲ နောက် မိုင်းလားလည်း ဒီတိုင်းပဲ၊ ဆိုတဲ့ အခါကျတော့ တရုတ်က အလိုလိုနေရင်းကို မြန်မာပြည်ရဲ့ နိုင်ငံရေးကို အပေါ်စီး ရထားတာပေါ့နော်၊ အဲအနေ အထားတွေ အောက်ကို ရောက်နေတယ်လို့ ဒီလိုမြင်တယ်လေနော်” ဟု ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် နိုင်မည့် အခင်းအကျင်းကို ဖော်ဆောင်ပြီး မြန်မာနိုင်ငံက တရုတ်နိုင်ငံ၏ ယုံကြည်စိတ်ချရသည့် အိမ်နီးချင်း မိတ်ဆွေကောင်းနိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ မြွေနှစ် တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနား၌ ပြောကြားခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများအကြား တိုက်ပွဲများ ဖြစ်ပွား နေပြီး မြို့နယ် ၉၀ ကျော် အပါအဝင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ)၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နှင့် စစ်စခန်းပေါင်း ရာချီကို မြန်မာ့တပ်မတော်က လက်လွှတ်ထားရသည်။
တရုတ်နိုင်ငံ၏ နယ်စပ်တွင် MNDAA၊ UWSA၊ NDAA၊ KIA၊ AA၊ TNLA၊ SSPP စသည့် လက်နက်ကိုင်များ အခြေပြု လှုပ်ရှားလျက်ရှိသည်။