CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပျက်ပြယ်ပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ထုတ်ပြန်ချက်မှာ အပစ်ရပ် ၇ ဖွဲ့၏ မူနှင့် ကွဲလွဲနေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

NCA စာချုပ်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားကြောင်း၊ လိုက်နာလုပ်ဆောင်ရမည့် ပုဂ္ဂိုလ်များ မလုပ်ဆောင်၍ စာချုပ်ပျက်ပြယ်ခြင်းက မဟုတ်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျနော်တို့ NCA လမ်းကြောင်းပေါ် သွားနေတဲ့အဖွဲ့ ၇ ဖွဲ့ပေါ့ဗျာ၊ အဲဒီ ၇ မူနဲ့တော့ ဆန့်ကျင်နေတာပေါ့၊ သူတို့ Statement ရဲ့ ပထမပိုင်း သုံးသပ်တာလေးတော့ မှန်ပါတယ်၊ ကျနော်တို့ ဘယ်လို ဖြစ်လာတယ်၊ သို့သော် NCA မှာပါတဲ့ အကြောင်းအရာတွေက တစ်ဖွဲ့ဖျက်လို့၊ နှစ်ဖွဲ့ဖျက်လို့ ပျက်တာတော့ မဟုတ်ပါဘူး။ NCA ကတော့ တရားဝင် ဥပဒေစာတမ်း ဖြစ်နေတဲ့အတွက် တရားဝင်ဥပဒေစာတမ်းအရ သူက ပျက်ပြယ်လို့ မလွယ်သေးဘူးပေါ့၊ ဘာကြောင့်လဲဆိုတော့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတာကိုး အဲဒါကြောင့် စာချုပ်ကတော့ စာချုပ်အတိုင်းရှိပါတယ်။ လိုက်နာလုပ်ဆောင်ရမယ့် လူတွေရဲ့ တာဝန်သာ ဖြစ်တာ ပေါ့၊ သူတို့ မလုပ်ဆောင်လို့ စာချုပ်ပျက်တယ်ဆိုတာတော့ မဟုတ်ပါဘူး။ အဲဒီလိုတော့ ယူဆလို့ မရပါဘူး။ သို့သော် စာချုပ်ရဲ့ ရည်မှန်းချက်တွေ ရည်ရွယ်ချက်တွေ လတ်တလော အကောင်အထည်ဖော်လို့ မရသေးဘူး ဆိုတာလည်း မှန်ချင်မှန်မှာပေါ့၊ သို့သော် အဲဒီအကောင်အထည်ဖော်လို့ မရသေးတာနဲ့ စာချုပ်က ပျက်ပြီလို့လည်း ပြောလို့ မရပါဘူးခင်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်းနဲ့ PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာကို တွေ့ရစဉ်

NCA စာချုပ်ကို အခြေခံ၍ ရေးဆွဲထားသော ‘‘နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်’’ နှင့် နိုင်ငံရေး ဆွေးနွေးပွဲ ယန္တရားများဖြစ်သည့် JICM၊ UPDJC နှင့် JMC တို့သည်လည်း ဦးတည်ချက်ပျောက်ကာ မြန်မာ့တပ်မတော်က အာဏာသိမ်းရန် ကြိုးပမ်းပြီးနောက်ပိုင်း အလိုအလျောက် ပျက်ပြယ် ရပ်တန့်သွားခဲ့ကြောင်း NUG က ထုတ်ပြန် ခဲ့သည်။

 ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲများကြောင့် NCA အကောင်အထည်ဖော်မှု များ လုပ်ဆောင်နိုင်ခြင်း မရှိဟု အပစ်ရပ်အဖွဲ့အစည်းအချို့က ပြောဆိုနေသလို KNU၊ CNF၊ ABSDF တို့ကမူ NCA ပျက်ပြယ်ပြီဟု ပြောဆိုလျက်ရှိနေသည်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ကတည်း က KNU ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ခြင်းကြောင့် NCA ၏ လုပ်ငန်းစဉ် များ အကောင်အထည်ဖော်နိုင်ခြင်း မရှိတော့သည့်အတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းမှ ဖြစ်ပေါ် လာခြင်း မဟုတ်ဟု ထောက်ပြမှုများ ရှိနေသည်။

NCA ကို သဘောမတွေ့သူတွေက ပျက်ပြယ်ပြီဟု ပြောမည်ဖြစ်ကြောင်း၊ NCA မှာ မပျက်ကြောင်း လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)မှ နာယက ဦးရွှေမင်းက CNI သတင်းဌာနသို့ ပြောသည်။

NCA ၈ နှစ်ပြည့် အခမ်းအနားကို တက်ရောက်လာသော ခေါင်းဆောင်များကိုတွေ့ရစဉ်

၎င်းက “အခု NCA ပျက်ပြယ်ပြီဆိုတာက သဘောမတွေ့သော သူဘက်ကတော့ ပျက်ပြယ်ပြီလို့ ပြောပါလိမ့်မယ်၊ သို့သော် ဒီ NCA ဟာ မပျက်ပြယ်ပါဘူး။ ပျက်ပြယ်လို့ မရပါဘူး။ ဒါဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေ စပြီးတော့ သူတို့ ရေးဆွဲပြီးတော့ အချိန်ကာလ တော်တော်ကြာကြာ ၂ နှစ်နီးပါး အချိန်ယူပြီးတော့ ဖြစ်ပေါ် လာတဲ့ စာချုပ်ဖြစ်ပါတယ်။ အားလုံးနောက်ဆုံး သဘောမတူညီတဲ့ အချက်တွေကို အပြန်အလှန် ဆွေးနွေးပြီးတော့ အကြိတ်အနယ် ဆွေးနွေးပြီးတော့ သဘောတူညီပြီး နိုင်ငံတကာ အသိသက်သေ၊ ပြည်တွင်း နိုင်ငံရေးပါတီတွေ သက်ဆိုင်ရာ နိုင်ငံရေးခေါင်းဆောင်တွေ ပါဝင်သင့် ပါဝင်ထိုက်တဲ့ အများကြီး ပြည့်စုံပြီးချုပ်ဆိုထားတဲ့ စာချုပ် တစ်ခု ဖြစ်ပါတယ်၊ ပင်လုံစာချုပ် ထက်တောင်မှ အများကြီး အဆင့်မြင့်တဲ့ စာချုပ်လို့ ကျနော် အဲဒီလိုလေး ပြောကြားချင်တယ်ခင်ဗျာ” ဟု ပြောသည်။

NCA လမ်းကြောင်းမှတဆင့် အနာဂတ်ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်သည့် အချက်များရှိကြောင်း၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ၏ လိုလားချက်များကို အဆိုပါ လမ်းကြောင်းပေါ်ကနေ ရရှိနိုင်ရန်အတွက် ရေးဆွဲပြီး ချုပ်ဆိုနိုင်ခဲ့သော စာချုပ်ဖြစ်ကြောင်း ၎င်းက ပြောသည်။

တပ်မတော်က အာဏာရယူလိုက်ခြင်းကြောင့် NCA အခြေခံမူနှင့် ရည်ရွယ်ချက်များကို ဖျက်ဆီးခြင်းဖြစ်သလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပျက်ပြယ်စေသည့်အတွက် NCA ကို အခြေခံသော လုပ်ငန်းစဉ်နှင့် ဆွေးနွေးပွဲလမ်းကြောင်းများ ရပ်တန့်သွားကြောင်း KNU၊ CNF နှင့် ABSDF တို့က အောက်တိုဘာ ၁၂ ရက်မှာ ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် NCA (၈) နှစ်ပြည့် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး အပစ်ရပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့ တက် ရောက်ခဲ့သည်။