CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂ 

မြန်မာနိုင်ငံရှိ လက်နက်ကိုင် အဖွဲ့အစည်း(EAO)တချို့နှင့် တရုတ်နိုင်ငံအတွင်းမှ ပြည်ပြေးများ ပူးပေါင်း၍ တရုတ်-မြန်မာ ပြည်သူလူထုများကို အွန်လိုင်းလိမ်လည်မှုများ ပြုလုပ်နေသည်ဟု နစက၏ သတင်းထုတ်ပြန် ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းသည် MNDAA နှင့် မဟာမိတ်အဖွဲ့များက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လောက်ကိုင်ဒေသ နှင့် တခြားသော ဒေသများကို တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရုပ်သံသတင်း ထုတ်ပြန် ပြောကြားခဲ့ စဉ် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။

အွန်လိုင်းလိမ်လည်သူများကို UWSA က ဖမ်းဆီးပြီး တရုတ်ဘက်ကို လွှဲပေးနေစဉ်

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ တရုတ်နဲ့ မြန်မာနယ်စပ်မှာ ဖြစ်နေတဲ့ အွန်လိုင်းလောင်းကစားမှုကို အကြောင်းပြပြီး တော့ အွန်လိုင်း လောင်းကစားမှုကို နှိမ်နင်းဖို့ဆိုတဲ့ဥစ္စာ အကြောင်းပြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြောချင်တာ က အွန်လိုင်းလောင်းကစားမှုမှာ ဘယ်သူတွေ ပါဝင် ပတ်သက်နေတယ်ဆိုတာ ကျနော်တို့ပြောပြီး ဖြစ်ပါတယ်။ ဒီအွန်လိုင်း ကစားမှုက မြန်မာတွေက တရုတ်တွေကို လိမ်နေတာမဟုတ်သလို တရုတ်တွေက မြန်မာတွေကို လိမ်နေတာ မဟုတ်ဘူး။ တရုတ်နိုင်ငံထဲမှာ အရင်ကတည်းကအတိုင်း ဒီအွန်လိုင်းလောင်းကစားမှုတွေနဲ့ ဒီပြင် ရာဇဝတ်မှု တွေနဲ့ ထွက်ပြေးနေတဲ့ ပြည်ပြေးတွေဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ EAO တွေနဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး တော့မှ မြန်မာရော၊ တရုတ်ရော ပြည်သူလူထုဆီကနေ လိမ်နေတာဖြစ်တယ်”ဟု ပြောသည်။

မြန်မာနိုင်ငံမှ လက်နက်ကိုင် တချို့ဆိုသည်မှာ မည်သည့် အဖွဲ့အစည်းဖြစ်ကြောင်း တိုက်ရိုက် ပြောကြားခဲ့ခြင်း မရှိပေ။

သို့သော် အွန်လိုင်းလောင်းကစား (ကျားဖြန့်)နှင့် အွန်လိမ်လည်လူမှု လုပ်ငန်းများသည် ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေသည့် လက်နက်ကိုင် အဖွဲ့များဖြစ်သော “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA-မိုင်းလား)၊ ကိုးကန့်ပြည်သူ့စစ်များ၏ ဒေသများ (“ဝ” ဒေသ၊ မိုင်းလားဒေသ၊ လောက်ကိုင်ဒေသ)တွင် ရှိသည်။

UWSA က ထုတ်ပယ်လိုက်တဲ့ လူငယ်ခေါင်းဆောင် ၂ ဦးကို တရုတ်က ဖမ်း၀ရမ်းထုတ်ထားစဉ်

ထို့ကြောင့် တရုတ်အစိုးရက မြန်မာအစိုးရ အပါအဝင် UWSA၊ NDAA၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌတို့ကို ဖိအားပေး၍ ဖမ်းဆီးခိုင်းရာ အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းလိမ်လည်သူ ထောင်နှင့်ချီ ဖမ်းဆီးခံခဲ့ရသည်။

အလားတူ UWSA ဥက္ကဋ္ဌ ဦးပေါက်ယူချန်း၏ ဆွေမျိုးတော်စပ်သူလည်းဖြစ် UWSA မှာ ခေါင်းဆောင်ပိုင်း ရာထူးများ ရယူထားသည့် ပေါက်အိုက်ပန်း (ဆောက်လုပ်ရေးဌာနကြီးမှူး)နှင့် အိုက်ဟော်(မိုင်းလင်းခရိုင်မှူး)တို့ ကို တရုတ်အစိုးရ အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများတွင် ပါဝင်နေသည့်အတွက် ဖမ်းဝရမ်းထုတ်ပြန်ထားသည်။

UWSA ကလည်း အိုက်ဟော်နှင့် ပေါက်အိုက်ပန်းတို့ကို အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်း လိမ်လည်မှု လုပ်ငန်းများတွင် ပါဝင်သည့်အတွက် ထုတ်ပယ်လိုက်ကြောင်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်က ထုတ်ပြန်ခဲ့သည်။