CNI International News

ရီးယာ့ဒ် ၊ မတ်လ ၂၅

ဆော်ဒီနိုင်ငံတွင် အမေရိကန်နှင့် ရုရှား တာဝန်ရှိသူများ မတ်လ ၂၃ ရက်က တွေ့ဆုံ၍ ယူကရိန်းစစ်ပွဲအရေး အပါအဝင် ပင်လယ်နက် အပစ်အခတ်ရပ်စဲရေး ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ယူကရိန်းတွင် ကျယ်ပြန့်သော အပစ်အခတ်ရပ်စဲရေးဆီ ဦးတည်သွားရန်နှင့် အမေရိကန် အစိုးရအနေဖြင့် သဘောတူညီချက် မရရှိမီ သီးခြားပင်လယ်နက်ရေကြောင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီတစ်ရပ် ရရှိစေရန် မျှော်မှန်းသည့် အနေဖြင့် ယခုကဲ့သို့ ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က ၃ နှစ်ကြာ ပဋိပက္ခကို အဆုံးသတ်ရန် ၎င်း၏ကြိုးပမ်း အားထုတ်မှုကို မြှင့်တင်နေချိန်တွင် ဆော်ဒီ၌ မတ်လ ၂၃ ရက်မှစတင်ကာ ယူကရိန်းအရေးနှင့်ပတ်သက်ပြီး ရုရှားနှင့်ဆွေးနွေးမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

လွန်ခဲ့သည့် သီတင်းပတ်က ထရမ့်သည် ယူကရိန်းသမ္မတ ဇာလန်းစကီး(Volodymyr Zelenskiy)နှင့် ရုရှားသမ္မတ ပူတင်(Vladimir Putin)တို့နှင့် ဆွေးနွေးမှုများကို သီးခြားစီ လုပ်ဆောင်ခဲ့သည်။

ဆော်ဒီမှာ အမေရိကန်နဲ့ ရုရှား ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးစဉ်

ယခုဆွးနွေးမှုများကို အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ အကြီးတန်း ညွှန်ကြားရေးမှူး အန်ဒရူးပိခ် ( Andrew Peek) နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူ မိုက်ကယ်အန်တွန်(Michael Anton)တို့က ဦးဆောင်ခဲ့ကြောင်း သတင်းအရင်းအမြစ်တစ်ခုက ပြောကြားခဲ့သည်။

ထိုဆွေးနွေးပွဲများ၏ အဓိကရည်ရွယ်ချက်မှာ ပင်လယ်နက်တွင် မကြာသေးမီလများ၌ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုများ မရှိသော်လည်း ထိုနေရာတွင် ရေကြောင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိစေရန် ဖြစ်ပြီး သင်္ဘောများကို လွတ်လပ်စွာ သွားလာခွင့်ရရှိစေရန် ရည်ရွယ်ထားသည်ဟု အိမ်ဖြူတော်က ဆိုသည်။

ရုရှားဘက်မှ လက်ရှိ ရုရှားအထက်လွှတ်တော်၏ နိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် သံတမန်ဟောင်း ဂရီဂိုရီကာရာဆင်း( Grigory Karasin)နှင့် ဆိုဗီယက်ခေတ် KGB ၏ အဓိကနေရာကို ဆက်ခံ သော ဖက်ဒရယ်လုံခြုံရေးအဖွဲ့မှ ညွှန်ကြားရေးမှူး၏ အကြံပေး ဆာဂေးဘီဆီဒါ(Sergei Beseda)တို့က ဦးဆောင် သွားမည်ဖြစ်သည်။

ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် ထပ်တလဲလဲ ပြောကြားခဲ့သော ထရမ့်က ဆွေးနွေးပွဲများ လုပ်ဆောင်လာမှု အပေါ် ကျေနပ်အားရကြောင်း ဖော်ပြခဲ့ပြီး ပူတင်၏ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်အတွက် ပြည့်စုံမှုရှိကြောင်း ပြောကြားခဲ့သည်။

ယခုကဲ့သို့ ကြိုးပမ်းအားထုတ်မှုများသည် ပဋိပက္ခ၏ နောက်ထပ် အရှိန်မြင့်တက်မှုကို တစ်နည်းနည်းဖြင့် ထိန်းချုပ်နိုင်ကြောင်း ထရမ့်က မတ်လ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

Source: ရိုက်တာ