CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀

ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးသဘောတူညီချက်ရရှိရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆော်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ တွေ့ဆုံဆွေးနွေးကြကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ အားနည်းချက်များကို ပြင်ဆင်နိုင်ရေး အပါအဝင် နစကနှင့် နိုင်ငံရေးပါတီ အစုအဖွဲ့အပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ဘုံသဘောတူညီချက် ရရှိရန် မျှော်လင့် ကြောင်း ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဓိက-ကတော့ နစက အဖွဲ့အနေနဲ့ စပြီးတော့ အာဏာယူကတည်းက လမ်းပြမြေပုံပေါ့နော် ၅ ချက် အဲဒီမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပြီးတော့ အာဏာလွှဲဖို့ဆိုတဲ့ ကိစ္စ၊ အဲဒီတော့ ကျနော်တို့က တောက်လျှောက်ပြောနေတာက လာမယ့်ရွေးကောက်ပွဲကို ဘယ်ချိန်လုပ်မယ်ဆိုတာလည်း ကျနော်လည်း မသိ ဘူး။ သို့သော် အရင့်အရင် ရွေးကောက်ပွဲတွေတုန်းက ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီတွေနဲ့ ရွေးကောက်ပွဲ လုပ်ပေး မယ့် အစိုးရတွေရဲ့ ကြားထဲမှာ ဘာသဘောတူညီချက်မှ မရှိဘဲနဲ့ ရွေးကောက်ပွဲတွေ လုပ်ခဲ့ပြီးတော့ နောက်ဆက် တွဲ ဒီလို အနိဌာရုံတွေအထိ ဖြစ်လာတယ်။ အဲဒီတော့ အခုဟာက ရွေးကောက်ပွဲ မတိုင်ခင်မှာ လက်ရှိ ဒီဖွဲ့စည်းပုံ အကျပ်အတည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ အားနည်းချက်တွေ ဘယ်လိုမျိုး ပြင်ဆင်ကြမယ်ဆိုတဲ့ ကြိုတင်သဘောတူညီချက် ရှိထားဖို့လိုတယ်ဆိုတာ တောက်လျှောက်လည်း ကျနော်တောင်းဆို တိုက်တွန်းခဲ့တာ၊ အဲဒီတော့ အခုကတော့ တွေ့ဆုံပြီးလို့ရှိရင် ကျနော်တို့က ၂၀၀၈ ဖွဲ့စည်းပုံမှာ ဘယ်အချက်တွေကို ပြင်ဆင်ဖို့ လိုအပ်တယ်။ ဒါကတော့ လတ်တလော ပြင်ဆင်မယ့်အချက်တွေရဲ့ နောက်ပိုင်း ဆက်ပြီးပြင်ဆင်ဖို့ ကြိုးစားရမယ့် အချက်တွေရဲ့ အစရှိသဖြင့် အဆင့်လိုက်တော့ ရှိမယ်ပေါ့၊ ပထမအဆင့်ကတော့ နစကနဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့ နောက်တစ်ခါ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားများ အစုအဖွဲ့တွေနဲ့ ကြားထဲမှာ ဘုံသဘော တူညီချက် တစ်ခုပေါ့နော်၊ အဲဒါလေးရဖို့အတွက်ကိုတော့ ကျနော်တို့ မျှော်လင့်တာပေါ့ဗျာ” ဟု ပြောသည်။

UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့အသစ် ရွေးချယ်ကြစဉ်

NSPNC နှင့် UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ တွေ့ဆုံ ဆွေးနွေးမှုကို နေပြည်တော်မှာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈  ရက်နှင့် ၁၉ ရက်နေ့များက ကျင်းပခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်သင်သည့်အချက်များ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပြင်ဆင်/ဖြည့်စွက်မည့် အချက်များ၊ EAO များနှင့် ဆွေးနွေးညှိနှိုင်းရရှိထားသည့် ဘုံသဘောတူ ညီချက်များ စသည့် ကိစ္စများကို ဆွေးနွေးကြကြောင်း သိရသည်။

UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ကို ပြီးခဲ့သည့် မေလမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တွင် ပါတီမှတ်ပုံတင်ခွင့် ကျထားသည့် ပါတီ ၄၇ ပါတီမှ ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ကို ပြည်သူ့ပါတီ (PP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP)၊  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့က ဦးဆောင်ကြမည် ဖြစ်ကြောင်း သိရသည်။

UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့အသစ် ရွေးချယ်ကြစဉ်

လက်ရှိ NSPNC နှင့် ဆွေးနွေးမှုတွင် UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ကို USDP မှ အလှည့်ကျ ဦးဆောင်သူ အဖြစ် ဆွေးနွေးမှာဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောသည်။

၎င်းက “အလှည့်ကျဆိုတာကတော့ အဓိက ကျနော်တို့ NSPNC နဲ့ ဒီတစ်ခေါက်ဆွေးနွေးတဲ့ နေရာမှာတော့ အလှည့်ကျပါတီအားလုံးရဲ့ တာဝန်ခံအနေနဲ့ ကြံ့ခိုင်ရေးပါတီက ဒေါက်တာအောင်မြတ်ဦးပေါ့၊ သူကတော့ ဒီတစ်ခေါက်မှာ အလှည့်ကျ ဦးဆောင်သူအဖြစ်နဲ့ သွားမယ်၊ သို့သော် ဆွေးနွေးတဲ့အခါမှာကတော့ ကျနော်တို့ နိုင်ငံရေးပါတီ အစုအဖွဲ့ထဲမှာ ဘယ်အချက်တွေကို ဆွေးနွေးမယ်ဆိုတာကို ကြိုတင်ညှိနှိုင်းတဲ့ အစည်းအဝေး ကျနော်တို့ လုပ်ထားပြီးသား ဖြစ်တယ်၊ နောက်တစ်ခေါက်ကြရင်တော့ ကျနော်တို့ ဒီ ၄ ယောက်ထဲကနေပြီးတော့ နောက်အလှည့်ကျ တစ်ယောက်ထပ်ပြီးတော့ ရွေးရမယ်ပေါ့၊ ဒီတစ်ခေါက်မှာကတော့ ဒေါက်တာ အောင်မြတ်ဦးက ကျနော်တို့ ဒီပါတီ အစုအဖွဲ့ရဲ့ ကိုယ်စားပြု ခေါင်းဆောင်အဖြစ်နဲ့ ရွေးချယ်ထားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

လာမည့် အောက်တိုဘာလအတွင်း လူဦးရေနှင့် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ၂၀၂၅ ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန်လ ၁၅ ရက်မှာ ပြောကြားထားသည်။