CNI International News

မနီလာ၊ ဇွန်လ ၂၀

တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်သင်္ဘောတစ်စင်းသည် တရုတ်၏ ရေပြင်များအတွင်း တရားမဝင် ဝင်ရောက် ခဲ့ပြီး တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ သင်္ဘောတစ်စင်းကို ဝင်တိုက်ခဲ့ကြောင်း ပြောကြားခဲ့သည့် တရုတ်၏ စွပ်စွဲ ချက်ကို ဖိလစ်ပိုင်က ငြင်းဆိုခဲ့ကြောင်း dailyhunt သတင်းဝက်ဘ်ဆိုက်၌ ဖော်ပြခဲ့သည်။

တရုတ်၏ စွပ်စွဲချက်များသည် လှည့်စားရာရောက်ပြီး အထင်အမြင် လွဲမှားစေကြောင်း ဖိလစ်ပိုင် လက်နက်ကိုင် တပ်ဖွဲ့၏ ပြည်သူ့ရေးရာရုံးမှ အရာရှိ ဗိုလ်မှူးကြီး ဇာဇီ ထရီနီဒက် (Xerxes Trinidad) က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်စစ်တပ်အနေဖြင့် မိမိတို့၏ အထူးစီးပွားရေးဇုန် အတွင်းတွင်ရှိသည့် အယွန်ဂျင် သောင်ခုံ  ( Ayungin Shoal ) အနီးတွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာနှင့် ထောက်ပို့မစ်ရှင်များနှင့် ပတ်သက်သည့် လုပ်ငန်းများ၏ အသေးစိတ်ကို ဆွေးနွေးမည် မဟုတ်ကြောင်း ထရီနီဒက်က ပြောသည်။

ထို့ပြင် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ လှည့်စားပြီး အထင်အမြင်လွဲမှားစေသည့် ပြောဆိုချက်များကို မိမိတို့က အသိအမှတ် မပြုကြောင်းနှင့် ဖိလစ်ပိုင်၏ အထူးစီးပွားရေးဇုန်အတွင်း တရုတ်သင်္ဘောများ ဝင်ရောက်မှုသည် ဖိလစ်ပိုင်၏ အချုပ်အခြာ အာဏာပိုင်အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ၎င်းက ထပ်လောင်း ပြောဆိုခဲ့ သည်။

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ကိုတွေ့ရစဉ်

ဖိလစ်ပိုင်သင်္ဘောတစ်စင်းသည် ရန်အိုင်ကျောက်တန်း ( Ren'ai Reef) ဟု တရုတ်က အမည်ပေးထားသည့် အယွန်ဂျင်သောင်ခုံအနီးရှိ ရေပြင်များအတွင်းသို့ ဇွန်လ ၁၇ ရက်က တရားမဝင် ဝင်ရောက်ခဲ့သဖြင့် သင့်လျှော် သည့် လုပ်ဆောင်ချက်များဖြင့် မောင်းထုတ်ခဲ့ရကြောင်း တရုတ်က ပြောကြားခဲ့ပြီးနောက် ဖိလစ်ပိုင်စစ်တပ်၏ ထုတ်ပြန်ချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

အယွန်ဂျင်သောင်ခုံသည် တောင်တရုတ်ပင်လယ်အတွင်းရှိ စပရက်တလေ ကျွန်းစု (Spratlys Islands) တွင် ပါရှိသည့် ရေတစ်ဝက်မြှုပ်နေသည့် ကျောက်တန်းတစ်ခုဖြစ်သည်။

ထိုနေရာအနီး၌ ဖိလစ်ပိုင်စစ်တပ်က ၁၉၉၉ ခုနှစ်ကတည်းက BRP Sierra Madre အမည်ရှိ သင်္ဘောအပျက် တစ်စီးကို ကျောက်ချရပ်နားထားကာ ထိုသင်္ဘောပေါ်တွင် စစ်သားအချို့ကို ဖြန့်ကြက်ချထားခဲ့သည်။

မေလအစောပိုင်းကလည်း တောင်တရုတ်ပင်လယ်တွင် ကင်းလှည့်နေသည့် ဖိလစ်ပိုင်သင်္ဘောနှစ်စင်းကို တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့က မီးသတ်ပိုက်ဖြင့် ထိုးခဲ့သဖြင့် ဖိလစ်ပိုင်က တရုတ်သံတမန်ကို ဆင့်ခေါ်ကာ စောဒက တက်ခဲ့သည်။

ထို့ပြင် တရုတ်၏ လုပ်ဆောင်ချက်သည် အနှောင့်အယှက် ပေးခြင်းဖြစ်ပြီး အန္တရာယ်များသည် လုပ်ရပ်ဖြစ်ကြောင်း ဖိလစ်ပိုင်က စွပ်စွဲခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

Source: dailyhunt