CNI International News

မက်ဒရစ်၊ မေလ ၂၈

စပိန်သည် ဒေါ်လာ  ၁ ဒသမ ၂၃ ဘီလျံ တန်ကြေးရှိသည့် လက်နက်ထောက်ပံ့မှု အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ယူကရိန်းကို Patriot ဒုံးကျည်များနှင့် Leopard တင့်ကားများ ပေးပို့ရန်စီစဉ်နေသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

စပိန်သည် ယူကရိန်းအား Patriot လေယာဉ်ပစ်ဒုံးကျည် ၁ ဒါဇင်ကျော်၊ တစ်ပတ်ရစ် ဂျာမန်လုပ် Leopard 2A4 တင့်ကား ၁၉ စီးနှင့် ဒရုန်းတိုက်ဖျက်ရေး ကိရိယာများနှင့်ခဲယမ်းများ အပါအဝင် စပိန်နိုင်ငံလုပ် လက်နက်များကို ပေးပို့လိမ့်မည်ဟု အမည်မဖော်ပြထားသည့် သတင်းရင်းမြစ်များကို ကိုးကားပြီး စပိန်၏ El Pais သတင်းစာက ဖော်ပြခဲ့သည်။

ထိုလက်နက်များ ဖြန့်ချိမည့် အစီအစဉ်ကို စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တော်သို့ ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) လာရောက်လည်ပတ်မည့် ခရီးစဉ်အတွင်း ကြေညာလိမ့်မည်ဟု ဆိုသည်။

ဇာလန်းစကီးနဲ့ စပိန်၀န်ကြီးချုပ်ကို တွေ့ရစဉ်

ဇာလန်းစကီးသည် စပိန်ခရီးစဉ်အတွင်း စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက် (Pedro Sanchez) နှင့် စပိန်ဘုရင် ဖီးလစ် (King Felipe) တို့နှင့် တွေ့ဆုံလိမ့်မည်ဟု စပိန်၏ El Pais သတင်းစာက ဖော်ပြခဲ့သည်။

အဆိုပါ လက်နက်များ ထောက်ပံ့ပေးမည့် အစီအစဉ်ကို ပြီးခဲ့သည့်လအတွင်း စပိန်အစိုးရက အတည်ပြုပေးခဲ့ သော်လည်း မည်သည့် လက်နက်များ ပါဝင်သည်ဆိုခြင်းကိုမူ အသေးစိတ် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

စပိန်ဝန်ကြီးချုပ် ဆန်းချက်၏ ပြောရေးဆိုခွင့်ရှိသူကမူ El Pais သတင်းစာ၏ ဖော်ပြချက်နှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

Source: ရိုက်တာ