CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၆

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)မှ အင်အား ၃၀၀ ဝန်းကျင်သည် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KND O)မှ ဗိုလ်မှူးချုပ် စောနယ်ဒါးမြနှင့် လာရောက်ပူးပေါင်းခဲ့ကြောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြက CNI သို့ ပြောသည်။

ဗိုလ်စလုံး ဦးဆောင်သည့် DKBA အင်အား ၃၀၀ ဝန်းကျင်ဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူးချုပ် စောနယ်ဒါးမြက “ဟုတ် အခု သူတို့လာနေထားတာကတော့ အားလုံး ၃၀၀ နီးပါးပေါ့နော်။ သူတို့က လာပြီး တော့ သူတို့က DKBA မလုပ်တော့ဘူး။ KNDO နဲ့ပြန်ပူးပေါင်းမယ်။ ပြန်ပူးပေါင်းပြီးတော့ အလုပ်တွေကတော့ ဆက်လုပ် မှာပေါ့။

ယနေ့ KNDO သို့ လာရောက်ပူးပေါင်းသည့် ဗိုလ်စလုံး ဦးဆောင်သည့် DKBA အင်အား ၃၀၀ ဝန်းကျင်ကို KNDO ၏ ကွန်မန်ဒို တပ်ရင်းအဖြစ် ဖွဲ့စည်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူးချုပ် စောနယ်ဒါးမြက “KNDO ၏ ကွန်မန်ဒိုတပ်ရင်းအနေဖြင့် ပြန်လည် ဖွဲ့စည်းပေးမည်၊ သူတို့လူအင်အားလည်း များ တယ်။ သေနတ်လည်း ရှိတယ်။ သူတို့ပေါင်းတော့လည်း ကောင်းပါတယ်။ သူတို့စိတ်ဓာတ်ကတော့ အပြည့်အဝပဲ၊ တိုင်းပြည်နဲ့ လူမျိုးအတွက် ဆက်တိုက်ဖို့ တော်လှန်ရေးစိတ်သဘောထားကတော့ အပြည့်အဝပါပဲ။ KNDO အောက်မှာ ဆက်လုပ်မယ်။ အခု KNDO ပဲပေါ့”ဟု ပြောသည်။

ဗိုလ်မှူးချုပ် စောနယ်ဒါးမြနဲ့ပူးပေါင်းသွားသည့် ဗိုလ်စလုံးဦးဆောင်သည့် DKBA(KNDO)

ဗိုလ်စလုံး ဦးဆောင်သည့် DKBA အင်အား ၃၀၀ ဝန်းကျင်သည် နစက (စစ်ကောင်စီ)ကို တိုက်ခိုက်ရန်အတွက် KNDO နှင့် လာရောက် ပူးပေါင်းခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ဦးဆောင်သည့် KNDO သည် နွေဦးတော်လှန်ရေးမှာ ပါဝင်လျက်ရှိပြီး တပ်မတော် ဖြုတ်ချရေး တစ်ဖက်တစ်လှမ်းက ပါဝင်ဆောင်ရွက်လျက်ရှိသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) နယ်မြေအတွင်းရှိ တပ်မတော် စစ်စခန်းများ ဆုတ်ခွာရန်နှင့် မဆုတ်ခွာ ပါက အရေးယူဆောင်ရွက်မည်ဟု KNDO ၏ တပ်ရင်း(၂)က ထုတ်ပြန်ထားသည်။

ဗိုလ်မှူးချုပ်စောနယ်ဒါးမြသည် KNDO စစ်ဦးစီးချုပ် ရာထူးဖြင့် ယခင်က တာဝန်ထမ်းဆောင်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်၊ မေလက လူ ၂၅ ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ KNU ကာကွယ်ရေးဌာနမှ ရာထူးတာဝန်မှ ရပ်ဆိုင်းကြောင်း ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည်။