CNI International News

မော်စကို၊ ဧပြီ ၂၆

ကိယက်ဗ်အစိုးရ၏ညွှန်ကြားချက်အရဟု စွပ်စွဲခံထားရသော နာဇီလက်သစ်အုပ်စုသည် ရုပ်သံသတင်းကြေညာသူ ဗလာဒီမာဆိုလိုဗီယက်ဗ်နှင့် အာရ်တီသတင်းဌာန အယ်ဒီတာချုပ် မာဂရီတာစီမွန်ယန်းအပါအဝင် အခြား ပစ်မှတ် ထားသူများကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်နေကြောင်း ရုရှားဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှုဌာန(FSB)မှ ထုတ်ပြန်သော ဗီဒီယိုမှတ်တမ်းကို ကိုးကားလျက် ရုရှားမီဒီယာတစ်ခုက သတင်းဖော်ပြခဲ့သည်။

ယူကရိန်းတွင် ရုရှားစစ်တပ်က ဆက်လက်ထိုးစစ်ဆင်နေသည့်ကြားမှ နာဇီလက်သစ်အုပ်စုတစ်စုကို ဖမ်းဆီးထား ကြောင်း FSB က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါအုပ်စုသည် ယူကရိန်းလုံခြုံရေးဝန်ဆောင်မှုဌာန (SBU) ၏ ညွှန်ကြားချက်အရ နာမည်ကြီး ရုရှားရုပ်သံ အစီအစဉ်တင်ဆက်သူနှင့်သတင်းထောက် ဗလာဒီမာဆိုလိုဗီယက်ဗ်တို့ကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့ ကြောင်း သိရသည်။

နောက်ပိုင်းတွင် FSB က သံသယရှိသူများကို ဖမ်းဆီးခဲ့ပုံ၊ ရှာဖွေခဲ့ပုံနှင့် စစ်ဆေးမေးမြန်းခဲ့ပုံ ဗီဒီယိုဖိုင်တစ်ခုကို လည်း ထုတ်ပြန်ခဲ့သည်။

၎င်းတို့အဖွဲ့သည် စပွတ်နစ်သတင်းဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒီမီထရီကီစယ်ယော့ဗ်၊ အာရ်တီနှင့်စပွတ်နစ်တို့ ၏ အယ်ဒီတာချုပ် မာဂရီတာစီမွန်ယန်းနှင့် ၎င်း၏ခင်ပွန်း၊ ထင်ရှားသော ရုပ်ရှင်ဒါရိုက်တာနှင့် ရုပ်သံတင်ဆက်သူ တီဂရန်ကီအိုစယန်၊ ရုပ်သံတင်ဆက်သူများဖြစ်ကြသည့် အိုလဂါစကာဗီဗာနှင့် အီဗာဂျနီပိုပေါ့ဗ်တို့ကို လုပ်ကြံ သတ်ဖြတ်ရန် ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း ယခုဖမ်းဆီးရမိသူတစ်ဦးက ပြောသည်။

“ရုရှားဝါဒဖြန့်ချိရေးလုပ်ကိုင်နေသူတွေကို သတ်ဖြတ်ဖို့ တိုင်ပင်ခဲ့ကြပါတယ်” ဟု ၎င်းက ထွက်ဆိုသည်။

အထက်ပါ သတင်းနှင့်ပတ်သက်၍ သဘောထားမှတ်ချက်ပေးရာတွင် မာဂရီတာစီမွန်ယန်းက “လူတိုင်းဟာ သေမျိုးပါပဲ။ တိတ်တိတ်မနေလည်း သေကြရတာပဲ။ ဒါပေမယ့် အမှန်တရားကို‌ ပြောဖို့ရာက အမိမြေကို ကာကွယ်ဖို့ မှန်မှန်ကန်ကန်နဲ့ ဖြစ်နိုင်တဲ့နည်းလမ်းသုံးပြီး ဖြည်းဖြည်းချင်း ထွက်သွားဖို့ ကြောက်စရာမရှိပါဘူး။ ကုသလို့ မရတဲ့ရောဂါ(ဒါမှမဟုတ်)အသက်ကြီးလာလို့ မလွှဲမရှောင်သာဖြစ်လာရင် သေရမှာပဲ။ ဒီကိစ္စအပေါ် ကျမသဘောထားကတော့ ဒဿနပညာနဲ့ ခရစ်ယာန်ယုံကြည်မှုမှာ အခြေခံပါတယ်” ဟု မှတ်ချက်ချခဲ့သည်။

ဗလာဒီမာဆိုလိုဗီယက်ဗ်ကို အမြန်ဆုံး သတ်ပစ်ရန် SBU က မိမိတို့အုပ်စုကို အမိန့်ပေးခဲ့ကြောင်း၊ အထူး စစ်ဆင်ရေးအတွက် ပံ့ပိုးပေးသော မော်တော်ယာဉ်များ၊ စစ်သားစုဆောင်းရေးရုံးတွေကို မီးရှို့ဖို့ သင်္ကေတအချက်ပြ နည်းများကိုလည်း ဇာတ်တိုက်ညှိနှိုင်းခဲ့ကြကြောင်း ဖမ်းဆီးထားသူတစ်ဦးက ရှင်းပြခဲ့သည်။

၎င်းတို့ကို ဆက်စပ်ရှာဖွေရာ၌ ဖောက်ခွဲရေးပစ္စည်းတစ်ခု၊ မိုလိုတော့ဗ် (ဆီပုလင်းဗုံးခွဲရန်) ကော့တေး ၈ ခု၊ သေနတ် ၆ လက်၊ လွှ တစ်လက်၊ အမဲလိုက်ရိုင်ဖယ်တစ်လက်နှင့် လက်ပစ်ဗုံးတစ်လုံးကို သိမ်းဆည်းရမိခဲ့ကြောင်း FSB သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့နှင့်အတူ ယူကရိန်းနိုင်ငံကူးလက်မှတ်အတုများ၊ ခဲယမ်းမီးကျောက်နှင့်ကျည်ဆန် ၁၀၀၀ ကျော်တို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

Source: အာရ်တီသတင်းဌာန