CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၀

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မပေါင်း ၇၀ ကျော်အား ပြင်ဆင်ရန် နစကကို ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့မှ တောင်းဆိုထားကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်နေ့က အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်ရေးကော်မတီ(NSPNC)နှင့် UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။

လာမည့် လွှတ်တော် အခင်းအကျင်းတွင် တပ်မတော်၏ ၂၅ ရာခိုင်နှုန်းကို မပါရန် တင်ပြခဲ့ကြောင်း UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ် ဒေါ်ချိုချိုကျော်ငြိမ်းက CNI သတင်းဌာနသို့ ပြောသည်။

NSPNC ကိုယ်စားလှယ်အဖွဲ့ကိုတွေ့ရစဉ်

၎င်းက “ကျမကတော့ တင်ပြထားတာကတော့ လာမယ့်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် ဖက်ဒရယ်အစိုးရ ဖြစ် မယ်ဆိုရင်တော့ ကျမက ကျမအမြင်နဲ့ တင်ခဲ့တာကတော့ စစ်တပ် ၂၅ ရာခိုင်နှုန်းကို မပါဖို့ ကျမတင်တယ်၊ ဒါပေမဲ့ ကျမတင်တဲ့အခါမှာ ချက်ချင်းကြီးပေါ့နော်၊ ဒီနေ့၊ မနက်ဖြန်၊ တဖက်ခါလို့လည်း ကျမ ချက်ချင်းမပြောဘူး။ ဘာဖြစ်လို့လဲဆို‌တော့ တိုင်းပြည်အခြေအနေက ဘယ်လောက် ရှုပ်ထွေးနေတယ် ဆိုတာလည်း သားတို့ ပိုသိမှာပါ။ အဲဒီတော့ တိုင်းပြည်မှာလည်း စစ်တပ်ဆိုတာလည်း မရှိမဖြစ်တဲ့ အဖွဲ့အစည်း တစ်ခုပေါ့နော်၊ ဒါပေမဲ့ အဲဒီ လွှတ်တော်ထဲမှာ ကြလို့ရှိရင်တော့ မပါအောင် ချက်ချင်းကြီးပေါ့နော်၊ ၂၅ ရာခိုင်နှုန်း မဟုတ်ရင်တောင်မှ လျော့ လျော့သွားဖို့ ဆိုပြီးတော့ ကျမအဲဒီလို တင်ခဲ့တယ်” ဟု ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်ဆိုပါက လွှတ်တော်မှတဆင့် ပြင်ရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ဆွေးနွေးသည့် သဘောသာ ရှိသေးကြောင်း ရခိုင်အမျိုးသားပါတီ (ANP)မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “ကျနော်ကလည်း အဲဒီလုပ်ငန်းစဉ်ကို သေချာသိပ် မသိဘူး။ သိသလောက် ပြောမယ်ဆိုရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးကြတယ်လို့ ပြောတယ်၊ ဒါပေမယ့် ဘယ်အချက်၊ ဘယ်အချက်ဆိုတာ ကျနော်က သေချာမသိဘူး။ အဲဒီကိစ္စတွေကို၊ ပြီးရင် သဘောတူညီချက်ကလည်း ကြီးကြီးမားမား ရထားတယ်လို့ အဲဒီလိုမျိုးလည်း သိပ်မကြားရဘူး။ အဲဒီလို ပါလား၊ မပါလားလည်း ကျနော်လည်း ရေရေရာရာ သိပ်မသိဘူး။ ဒါလည်း ဆွေးနွေးတယ်ဆိုတဲ့ ပုံစံမျိုးလောက်ပဲ ရှိမယ်ထင်ပါတယ်။ အဲဒီဖွဲ့စည်းပုံပြင်ဆင်ရေးကလည်း ၂၀၀၈ အခြေခံ ဥပဒေပြင်ဆင်ဖို့လည်း ၂၀၀၈ အခြေခံဥပဒေက လွှတ်‌တော်ပေါ်မှာ လွှတ်တော်ကတဆင့် ပြင်လို့ရမှာကို အခု ဆွေးနွေးတာကလည်း ဆွေး‌နွေးတယ်ဆိုတဲ့ သဘောလောက်ပဲ ရှိမယ်ထင်တယ်၊ ကျနော်သိသလောက် ပြောရရင်တော့ ကြီးကြီးမားမား သဘောတူညီချက်တွေ ရထားတယ်လို့တော့ မကြားမိသေးဘူး” ဟု ပြောသည်။

NSPNC နဲ့ UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ တွေ့ဆုံ ဆွေးနွေးနေစဉ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်ရန် တင်ပြခဲ့သည့် ပုဒ်မပေါင်း ၇၀ ကျော်ထဲက ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရန် တပ်မတော်ဘက်မှ သဘောတူခဲ့ကြောင်း သိရသည်။

မွန်ညီညွတ်‌ရေးပါတီ (MUP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက “ပြင်ဖို့အချက်တွေတော့ အများကြီးရှိတယ်ပေါ့ နော်၊ ပါတီက အရင်က တင်ထားတဲ့ စာတမ်းလည်း ရှိတယ်။ အခုလောလောဆယ် အခြေအနေအရ UPDJC မှာ တင်ထားတာတော့ ရှိတော့ရှိတယ် ကျ‌နော်တော့ မမှတ်မိဘူး။ ဒါပေမဲ့ အများကြီး ဖြစ်နေလို့ပါ။ ကျနော်တို့ UPDJC ကနေ ပြန်လို့ရှိရင် ကျနော်တို့ နိုင်ငံရေးအစုအဖွဲ့မှာ ကျနော်တို့ အစည်းအဝေး လုပ်မယ်၊ အဲဒါရှင်းပြမယ်၊ အခု အစည်းအဝေးလည်း မလုပ်တော့ UPDJC တက်တဲ့ ဒီနိုင်ငံရေးအစုအဖွဲ့မှာ တက်တဲ့လူတွေက မရှင်းပြရသေးတော့ သေချာ‌‌တော့ မသိသေးဘူး။ ဒါပေမဲ့ တင်ထားတာတော့ ရှိတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

UPDJC ကို အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် ကိုယ်စားလှယ် ၁၆ ဦး၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၆ ဦး၊ နိုင်ငံရေးပါတီ များ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦးတို့ဖြင့် ဖွဲ့စည်းရန် NCA စာချုပ်တွင် ပြဋ္ဌာန်းထားသည်။

သို့သော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တပ်မတော်က NLD အစိုးရကို ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာခဲ့ပြီးနောက် လက်နက်ကိုင် တိုက်ပွဲများဖြစ်ပွားလာကာ တိုင်းရင်းသား လက်နက်ကိုင်များက UPDJC မှာ မပါဝင်ဘဲ ရပ်တန့်ထားသည်။