CNI International News

တီဟီရန်၊ နိုဝင်ဘာ ၂၉

နိုင်ငံတဝန်း ဆူပူအုံကြွ၍ မတည်ငြိမ်မှုများကြောင့် ၂ လအတွင်း သေဆုံးသူ ၃၀၀ ကျော် သွားခဲ့ပြီဖြစ်ကြောင်း အီရန် စစ်ဗိုလ်ချုပ်ကြီးတစ်ဦးက နိုဝင်ဘာ ၂၈ ရက်တွင် တရားဝင် ဝန်ခံပြောကြားခဲ့သည်ဟု အေပီသတင်းအရ သိရသည်။

ထိုအရေအတွက်သည် ဆန္ဒပြပွဲ စတင်ချိန်ကတည်းက အနီးကပ် ခြေရာခံ စောင့်ကြည့်နေသည့် အမေရိကန် အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားသူများအဖွဲ့၏ ခန့်မှန်းချက်ထက် လျော့နည်းနေသည်။

အီရန်နိုင်ငံတွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်၌ အကျင့်စာရိတ္တပြုပြင်ရေးအဖြစ် ရဲတပ်ဖွဲ့က ခေါ်ယူ ထိန်းသိမ်း ထားသော အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ပြီးနောက် နိုင်ငံတဝန်း ဆူပူအုံကြွမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ဆုံစဉ်(ဓါတ်ပုံ-amnesty international)

စတင်အုံကြွခဲ့ပြီးနောက် ဆန္ဒပြသူ ၄၅၁ ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၆၀ သေဆုံးခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူ ၁၈,၀၀၀ ကျော်ရှိကြောင်း အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့က ပြောသည်။

အစ္စလာမ္မစ်သမ္မတနိုင်ငံဖြစ်သော အီရန်တွင် ဝတ်စားဆင်ယင်မှုဆိုင်ရာ တင်းကျပ်မှုကို ချိုးဖောက်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသူ အသက် ၂၂ နှစ်အရွယ်ရှိ မာရှားအေမီနီ သေဆုံးခဲ့ရသဖြင့် ဆန္ဒပြမှုများ စတင်ခဲ့သည်။

အဆိုပါဖြစ်စဉ်သည် ၁၉၇၉ ခုနှစ် တော်လှန်ရေးနောက်ပိုင်း တိုင်းပြည်ကို တင်းကျပ်စွာ အုပ်ချုပ်ခဲ့သည့် ဘာသာရေးခေါင်းဆောင်များအတွက် အဆိုးရွားဆုံးစိန်ခေါ်များထဲမှ တစ်ခုဖြစ်လာခဲ့သည်။

ရုန်းရင်းဆန်ခတ်မှုများကြောင့် လူ ၃၀၀ ကျော်သေဆုံးခဲ့ရသည်ဟု အီရန်အရံတော်လှန်ရေးအစောင့်တပ်၊ အာကာသဆိုင်ရာဌာနခွဲမှ ဗိုလ်ချုပ်ကြီး အေမီယာအလီဟာဂျီဇာဒက် (Amir Ali Hajizadeh) က ပြောကြားကြောင်း အဆိုပါအစောင့်တပ်နှင့်နီးစပ်သော ဝက်ဘ်ဆိုက်တစ်ခုက ဖော်ပြခဲ့သည်။

အောက်တိုဘာတွင် ဖြစ်ပွားခဲ့သည့် အမျိုးသမီးအခွင့်အရေး ဆန္ဒပြပွဲများ(ဓါတ်ပုံ-Getty Images)

သေဆုံးသူအများစုသည် ဆန္ဒပြပွဲများတွင် ပါဝင်မိခဲ့ကြသော သာမန်အီရန်နိုင်ငံသားများဖြစ်ကြောင်း ၎င်းဗိုလ်ချုပ်ကြီးက ဝန်ခံခဲ့သည်။

၎င်းခန့်မှန်းသည့် အသေအပျောက်အရေအတွက်မှာ မည်သည့်သတင်းရင်းမြစ်ထံမှ လာကြောင်း အတိအကျတော့ ထည့်မပြောခဲ့ပေ။

အီရန်အာဏာပိုင်များသည် ပြည်တွင်းဆန္ဒပြပွဲများအခြေအနေကို မီဒီယာများ၌ ရေးသားဖော်ပြမှုများကို ပြင်းထန်စွာ ကန့်သတ်ထားခဲ့သည်။

အစိုးရမီဒီယာများက သေဆုံးသူဦးရေကို အပြည့်အဝ သတင်းထုတ်ပြန်ခြင်းမရှိသေးသလို လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ ဖြိုခွင်းမှုများအစား စစ်သွေးကြွများနှင့် ခွဲထွက်ရေးအုပ်စုများကို အပြစ်တင်သည့်ဖော်ပြချက်မျိုးကိုသာ ဦးစားပေးရေးသားနေကြသည်။

အဆိုပါဆန္ဒပြပွဲများသည် အီရန်၏ရန်ဘက်များဖြစ်ကြသော အနောက်အုပ်စုနှင့်ဆော်ဒီအာရေဗျတို့ကြောင့် ပေါ်ပေါက်လာရကြောင်း ဗိုလ်ချုပ်ကြီး ဟာဂျီဇာဒက်က အထောက်အထားမပြသဘဲ ပြောကြားခဲ့သည်။

Source: AP