CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၆
အာဆင်နယ်အသင်းဟာ အက်စတွန်ဗီလာအသင်း ကြယ်ပွင့် မော်ဂန်ရော်ဂျာစ်ကို နွေရာသီ အပြောင်းအရွှေ့မှာ သူတို့ဝယ်ယူမယ့် ကစားသမားစာရင်းထဲ ထည့်သွင်းထားခဲ့ပါတယ်။
The Times က အာဆင်နယ်အသင်းဟာ မော်ဂန်ရော်ဂျာစ်နဲ့ ဖီယင်နုအသင်းက အိုင်ဂေါတို့ကို ဒီနွေရာသီမှာ ဝယ်ယူဖို့ အလားအလာရှိတဲ့ တိုက်စစ် ပစ်မှတ်စာရင်း ထည့်သွင်းခဲ့တာလို့ ဖော်ပြထားတာပါ။
ဒါပေမယ့် အာဆင်နယ်အသင်းအနေနဲ့ မော်ဂန်ရော်ဂျာစ်ကို ခေါ်ယူဖို့အတွက်ဆိုရင် အက်စတွန်ဗီလာအသင်းကို ပြောင်းရွှေ့ကြေး အများအပြားနဲ့ ကမ်းလှမ်းမှု ပြုလုပ်ရမှာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့်ရာသီမှာ ၂၀၀၄ ခုနှစ် နောက်ပိုင်းဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။
အဲဒါကြောင့် အာဆင်နယ်အသင်းဟာ ကစားသမားသစ်တွေ အားဖြည့်နိုင်ဖို့ လုပ်ဆောင်နေပြီး ဆိုစီဒက်အသင်း ကွင်းလယ်လူ ဇူဘီမန်ဒီကို ခေါ်ယူနိုင်ဖို့လည်း ကြိုးပမ်းနေပါတယ်။
မော်ဂန်ရော်ဂျာစ်ကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ မော်ဂန်ရော်ဂျာစ်အတွက် ပေါင်သန်း ၅၀ ကျော် အသုံးပြုရဖွယ်ရှိနေပြီး အိုင်ဂေါကတော့ လန်ဒန်ကလပ်အသင်းအတွက် ဈေးသက်သာတဲ့ ရွေးချယ်မှုဖြစ်လာနိုင်တာပါ။
မန်စီးတီးအကယ်ဒမီထွက် မော်ဂန်ရော်ဂျာစ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာကမှ အက်စတွန်ဗီလာအသင်းမှာ ၂၀၃၀ ခုနှစ် အထိရှိမယ့် စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။
မော်ဂန်ရော်ဂျာစ်ဟာ ပြီးခဲ့တဲ့ရာသီက အက်စတွန်ဗီလာအသင်းအတွက် ၅၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၄ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၅ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။
မော်ဂန်ရော်ဂျာစ်ဟာ ကွင်းလယ်တိုက်စစ် ကစားသမားဖြစ်ပေမယ့် ပြီးခဲ့တဲ့ရာသီက ဘယ်တောင်ပံနဲ့ ညာတောင်ပံ တွေမှာလည်း ကစားခဲ့ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ မော်ဂန်ရော်ဂျာစ်အတွက် အက်စတွန်ဗီလာအသင်းကို တရားဝင် ကမ်းလှမ်းမှု ပြုလုပ်လာမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။
မော်ဂန်ရော်ဂျာစ်ဟာ လက်ရှိအချိန်မှာ အန်ဒိုရာအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ ဆီနီဂေါအသင်းနဲ့ ခြေစမ်းပွဲ အတွက် အင်္ဂလန်အသင်းနဲ့ လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
Source: Goal