CNI International News

ဘန်ကောက်၊ မတ်လ ၂၄

ထိုင်းလွှတ်တော်တွင် အတိုက်အခံများက ဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra) ကို စွပ်စွဲပြစ်တင် သည့် စကားစစ်ထိုးပွဲမတိုင်မီ အစိုးရအဖွဲ့၌ အားနည်းချက်၊ အားသာချက်များ ရှိနေကြောင်း လေ့လာသူများက ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ပေတုန်တန်ကမူ စကားစစ်ထိုးပွဲ၌ မေးခွန်းအားလုံးကို ဖြေဆိုရန် ပြင်ဆင်ထားပြီး ဝန်ကြီးများကလည်း ၎င်းတို့၏ သက်ဆိုင်ရာ ကဏ္ဍများနှင့်ပတ်သက်ပြီး မေးခွန်းများကို ဖြေကြားသွားလိမ့်မည်ဟု ပြောကြားခဲ့သည်။

ပေတုန်တန်နှင့် အတိုက်အခံများ၏ စကားစစ်ထိုးပွဲကို မတ်လ ၂၄ ရက်နှင့် ၂၅ ရက်တွင် ၂ ရက်ကြာ ပြုလုပ်သွား မည် ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်နဲ့ အစိုးရအဖွဲ့ကို တွေ့ရစဉ်

အတိုက်အခံများက ပေတုန်တန်အား ခေါင်းဆောင်မှုကဏ္ဍတွင် အားနည်းချက်များရှိနေပြီး ၎င်း၏ ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်(Thaksin Shinawatra) ကို အစိုးရအဖွဲ့အား ထိန်းချုပ်ခွင့် ပြုထားကြောင်း စွပ်စွဲခဲ့ ပြီးနောက် ပေတုန်တန်ကို အယုံအကြည်မရှိအဆို တင်သွင်းခဲ့ခြင်းဖြစ်သည်။

ထိုဖြစ်စဉ်သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလက အာဏာရလာခဲ့သည့် ဖြူးထိုင်းပါတီ ဦးဆောင်သော အစိုးရအဖွဲ့ကို အတိုက်အခံ ပြည်သူ့ပါတီ (PP) က တင်သွင်းသည့် ပထမဆုံး အယုံအကြည်မရှိအဆို ဖြစ်ခဲ့သည်။

ပေတုန်တန်သည် အတိုက်အခံများ၏ စွပ်စွဲချက်များကို ထိထိရောက်ရောက် တုန့်ပြန်နိုင်စွမ်း ရှိ/မရှိနှင့် နိုင်ငံကို ဦးဆောင်နိုင်စွမ်း ရှိ/မရှိကို အများက စောင့်ကြည့်နေကြမည်ဖြစ်သည်။

ထိုစကားစစ်ထိုးပွဲသည် ဖျက်သိမ်းခံခဲ့ရသည့် Move Forward Party(MFP)၏ အဖွဲ့ဝင်များ အသစ်ဖွဲ့စည်းထား သည့် PP ပါတီအတွက်လည်း အစိုးရအဖွဲ့ကို အတိုက်အခံလုပ်ရန် မည်မျှအထိ စွမ်းဆောင်နိုင်ခြင်း ရှိ/မရှိကိုလည်း စမ်းသပ်ချက် တစ်ခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။

အတိုက်အခံခေါင်းဆောင် နက်သာပွန် ရူအန်ပန်ညာဝတ်ကို တွေ့ရစဉ်

အတိုက်အခံ PP ပါတီ ခေါင်းဆောင်ဖြစ်သည့် နက်သာပွန် ရူအန်ပန်ညာဝတ် (Natthaphong Ruengpanyawut) ကမူ ထိုစကားစစ်ထိုးပွဲသည် နိုင်ငံ့အရေးထက် မိသားစုအကျိုးစီးပွားကို ရှေ့တန်းတင်သည့် ဖြူးထိုင်းပါတီကို ဝေဖန်ရန် အာရုံစိုက် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

ပြန်လည်ပြင်ဆင်ထားသော အယုံအကြည်မရှိ အဆိုပြုချက်အရ အတိုက်အခံများအနေဖြင့် လိုအပ်လာပါက ဝန်ကြီးချုပ်၏ မိသားစုနှင့် ဆက်နွှယ်နေသော အခြားပုဂ္ဂိုလ်များကို ဆွေးနွေးခွင့်ပြုသောကြောင့် “မိသားစုဝင် တစ်ဦး” ဟူသော အသုံးအနှုန်းတစ်ခုတည်း မဟုတ်ဘဲ စကားစစ်ထိုးစဉ်အတွင်း ဝေါဟာရ အများအပြားကို ကြားရလိမ့်မည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ယခင်က အယုံအကြည်မရှိအဆို၏ အဆိုပြုချက်တွင် သက်ဆင် အမည်ကိုပါ တိုက်ရိုက် ထည့်သွင်းထားသော် လည်း နောက်ပိုင် "မိသားစုဝင်တစ်ဦး" ဟူသည့် ဝေါဟာရကိုသာ သုံးနှုန်းခဲ့ခြင်းဖြစ်သည်။

Source: ဘန်ကောက်ပို့စ်