CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၄

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်နှင့် မြန်မာနိုင်ငံ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၂၅ ခုနှစ်၊ ဧပြီ ၄ ရက် နံနက်ပိုင်း ဘန်ကောက်မြို့မှာ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဘင်္ဂလားပင်လယ်အော် အစီအစဉ် (BIMSTEC)အဖွဲ့ဝင်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရန်အတွက် ဧပြီ ၃ ရက်က ဘန်ကောက်မြို့(ထိုင်းနိုင်ငံ)သို့ ရောက်ရှိလာခဲ့သည်။

ထို့နောက် ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ဧည့်ခံသည့် BIMSTEC အစည်းအဝေး ဂုဏ်ပြု ညစာစားပွဲကို တက်ရောက်ခဲ့သည်။

အလားတူ ဧပြီ ၄ ရက်နေ့မှာတော့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ သီးသန့် တွေ့ဆုံ ဆွေးနွေးကြခြင်း ဖြစ်သည်။

တွေ့ဆုံဆွေးနွေးမှု အကြောင်းအရာ အသေးစိတ်ကို မသိရသေးသော်လည်း နီးစပ်သူများကတော့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အခြေအနေ၊ ငလျင်ဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အခြေအနေ၊ နှစ်နိုင်ငံ စီးပွားရေး အခြေအနေ၊ နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧပြီ ၃ ရက်ကလည်း နီပေါဝန်ကြီးချုပ်နှင့် သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။