CNI News

၂၀၂၅ ခုနှစ်၊ ဧပြီ ၄

မြန်မာနိုင်ငံအတွက် လိုအပ်သည့် အကူအညီများကို မိမိတို့အနေဖြင့် ဆက်လက်ပေးအပ်သွားမည်ဟု အိန္ဒိယ ဝန်ကြီးချုပ် မိုဒီက နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသည့် ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဘင်္ဂလားပင်လယ်အော် အစီအစဉ် (BIMSTEC) ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တက်ရောက်လျက်ရှိသည်။

အဆိုပါ အစည်းအဝေး မတိုင်ခင် ဧပြီ ၄ ရက် နံနက်ပိုင်းတွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ဝန်ကြီးချုပ် မိုဒီက “ မြန်မာနိုင်ငံတွင် ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများကို မိမိနှင့် အိန္ဒိယပြည်သူများ အနေဖြင့် များစွာ စိတ်မကောင်းဖြစ်ရပါကြောင်း၊ မိမိတို့ ဂူဂျာရက်ပြည်နယ်၌လည်း ယခင်က ထိုကဲ့သို့ ပြင်းထန်သည့် ငလျင်ကို ထိခိုက်ခံစားခဲ့ရဖူးကြောင်း၊ မြန်မာနိုင်ငံအတွက်လိုအပ်သည့် အကူအညီများကို မိမိတို့အနေဖြင့် ဆက်လက်ပေးအပ်သွားမည်”ဟု ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံ၏ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ အပေါ် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် အိန္ဒိယပြည်သူများက အကူအညီများ ပေးအပ်မှုများအတွက် များစွာ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်များမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာ နိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေးနှင့် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို အလေးထား မှု အခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားမဝင် လူကုန်ကူးမှုများနှင့် လက်နက်မှောင်ခိုမှုများ ပပျောက်ရေး ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ ဆက်လက်လျှောက်လှမ်းလျက်ရှိမှုနှင့် ယခုနှစ် ဒီဇင်ဘာလအတွင်း လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် အိန္ဒိယသည် ငလျင်ဘေးသင့် ပြည်သူများ ကူညီကယ်ဆယ်ရေးအတွက် ဆေးအဖွဲ့များနှင့် ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်၍ ကူညီပေးလျက်ရှိသလို စားနပ်ရိက္ခာ၊ ရွက်ဖျင်တဲ၊ ဆေးဝါးနှင့် တစ်ကိုယ်ရည် သုံး ပစ္စည်းများ ထောက်ပံ့ပေးထားသည်။