CNI International News

ကိယက်ဗ်၊ ဩဂုတ် ၂၀

ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်များသည် ၁၀ ရက်အတွင်း အပြီးသတ် ရရှိလိမ့်မည်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy)က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)၊ ဥရောပခေါင်းဆောင်များနှင့် အစည်းအဝေး ပြုလုပ်ခဲ့ ပြီးနောက် ဩဂုတ် ၁၉ ရက်တွင် ဇာလန်းစကီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လုံခြုံရေး အာမခံချက်တွေကို ကျနော်တို့ရဲ့ မိတ်ဆွေတွေက အပြီးသတ် စီစဉ်ဆောင်ရွက်သွားပါလိမ့်မယ်။ အသေးစိတ် အချက်အလက်တွေလည်း ထပ်ပြီး ထွက်ပေါ်လာပါလိမ့်မယ်။ ဒီအစီအစဉ်တွေ အားလုံးကို လာမယ့် ၁၀ ရက်အတွင်း အပြီးသတ် ရေးဆွဲနိုင်ပါလိမ့်မယ်”ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။

ယူကရိန်းနှင့် ရုရှားစစ်ပွဲကို အဆုံးသတ်မည့် မည်သည့် သဘောတူညီချက်တွင်မဆို ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်များ ရရှိစေရန် အမေရိကန်မှ ကူညီပေးမည်ဖြစ်ကြောင်း ထရမ့်က ဩဂုတ် ၁၈ ရက်တွင် ဇာလန်းစကီး နှင့်တွေ့ဆုံချိန်တွင် ပြောကြားခဲ့သည်။

“အမေရိကန်က ရှင်းရှင်းလင်းလင်း အချက်ပြခဲ့တာ အရေးကြီးပါတယ်။ အမေရိကန်ဟာ ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်တွေရစေဖို့ ကူညီပေးနေတဲ့ နိုင်ငံတွေထဲမှာ ပါဝင်လာမယ့် အဓိပ္ပာယ် ဖြစ်ပါတယ်။ ဒါဟာ ကြီးမားတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်”ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။

ဇာလန်းစကီး၊ ဒေါ်နယ်ထရမ့်နဲ့ ဥရောပခေါင်းဆောင်များကို တွေ့ရစဉ်

ဝါရှင်တန်တွင် ထရမ့် အပါအဝင် ဥရောပ ခေါင်းဆောင်များနှင့်အတူ ပြုလုပ်ခဲ့သည့် အစည်းအဝေး အပြီး၌  ငြိမ်းချမ်းရေး သဘောတူညီမှုသည် အနည်းငယ် အလှမ်းကွာဝေးနေသည့်တိုင် ထရမ့်နှင့် အစည်းအဝေးသည် မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်ခဲ့ကြောင်း ဇာလန်းစကီးက ပြောသည်။

ယူကရိန်းသည် ရုရှားနှင့် မည်သည့် ပုံစံမျိုးနှင့်မဆို တွေ့ဆုံရန် အသင့်ရှိကြောင်း၊ နယ်နိမိတ် ပြဿနာများကို ရုရှားသမ္မတ ပူတင် (Vladimir Putin) နှင့် ဆွေးနွေးမည်ဖြစ်ကြောင်း၊ သို့သော်လည်း ရုရှားဘက်က စီစဉ်ရခြင်း မရှိသေးသဖြင့် တွေ့ဆုံမည့်ရက်ကို မသတ်မှတ်ရသေးကြောင်း ၎င်းက ဆိုသည်။

“နယ်နိမိတ်တွေ ပိုင်ဆိုင်မှု ပြဿနာက ပူတင်နဲ့ ကျနော့်ကြား ဆွေးနွေးရမယ့်ကိစ္စ ဖြစ်ပါတယ်”ဟု ဇာလန်းစကီး က ပြောကြားခဲ့သည်။

ယူကရိန်းအတွက် လုံခြုံရေးအာမခံချက် အစီအစဉ်ထဲတွင် အမေရိကန် လက်နက်များ အထူးသဖြင့် လေယာဉ် များနှင့် လေကြောင်း ကာကွယ်ရေး စနစ်များလည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။

ထိုလက်နက် ရောင်းဝယ်မှု အစီအစဉ်သည် ဒေါ်လာ ၉၀ ဘီလျံ တန်ဖိုးရှိကြောင်း၊ အမေရိကန်ကလည်း ယူကရိန်း ထံမှ ဒရုန်းများကို ဝယ်ယူရန် သဘောတူခဲ့ကြောင်း ဇာလန်းစကီးက ပြောကြားခဲ့သည်။

Source: ရိုက်တာ