CNI International News
ပြုံယမ်း၊ ဩဂုတ် ၂၀
မြောက်ကိုရီးယားအနေဖြင့် နျူကလီးယား လက်နက်အင်အားကို လျင်မြန်စွာမြှင့်တင်ရန် လိုအပ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်နှင့် တောင်ကိုရီးယားသည် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပြီး စစ်ပွဲဖြစ်ပွားစေရန် လှုံ့ဆော်နေကြောင်း ကင်မ်က ပြောသည်။
တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် မြောက်ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှုများကို တုံ့ပြန်သည့် လေ့ကျင့်မှု အပါအဝင် ပူးတွဲစစ်ရေး လေ့ကျင့်မှုများအား ယခုသီတင်းပတ်အတွင်း စတင်ပြုလုပ်ခဲ့သည်။
မြောက်ကိုရီးယားကမူ တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ စစ်ရေး လေ့ကျင့်မှုများသည် ကျူးကျော်စစ်အတွက် အစမ်းလေ့ကျင့်ခြင်းဖြစ်ကြောင်း ဝေဖန်ခဲ့ပြီး ဒုံးကျည်စမ်းသပ်မှုများဖြင့် တုံ့ပြန်လေ့ရှိသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို တွေ့ရစဉ်
Ulchi Freedom Shield အမည်ရှိ တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ၁၁ ရက်ကြာ စစ်ရေးလေ့ကျင့်မှုသည် ၂၀၂၄ ခုနှစ်က စစ်ရေးလေ့ကျင့်မှုအတိုင်း ပြုလုပ်သွားမည် ဖြစ်သော်လည်း စစ်ရေးလေ့ကျင့်မှု အကြိမ် ၄၀ အနက် အကြိမ် ၂၀ ကို စက်တင်ဘာလတွင် ပြုလုပ်ရန် ရွှေ့ဆိုင်းခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ခဲ့သည်။
တောင်ကိုရီးယားသမ္မတ လီဂျေမြောင် (Lee Jae Myung) သည် မြောက်ကိုရီးယားနှင့် ဆက်ဆံရေး တင်းမာမှုကို လျှော့ချရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပြီးနောက် ထိုပူးတွဲစစ်ရေး လေ့ကျင့်မှုအချို့ကို ရက်ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ် သည်။
ထိုစစ်ရေး လေ့ကျင့်မှုသည် ၎င်းတို့၏ ရန်လိုမှုနှင့် ထိပ်တိုက် တွေ့ဆုံလိုသည့် ရည်ရွယ်ချက်ကို ရှင်းလင်းစွာ ဖော်ပြနေခြင်းဖြစ်ကြောင်း ကင်မ်က ဩဂုတ် ၁၈ ရက်က ရေတပ်ဖျက်သင်္ဘောသစ် တစ်စင်းထံ လာရောက် ကြည့်ရှုသော ခရီးစဉ်အတွင်း ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို တွေ့ရစဉ်
မကြာသေးမီက အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုများတွင် နျူကလီးယား တုံ့ပြန်မှုများလည်း ပါဝင်ခဲ့သဖြင့် မြောက်ကိုရီးယား အနေဖြင့် မိမိတို့၏ နျူကလီးယား လက်နက်တပ်ဆင်မှုကို လျှင်မြန်စွာ ချဲ့ထွင်ရန် လိုအပ်ကြောင်း ကင်မ်က ပြောကြားခဲ့သည်။
ဝါရှင်တန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် တောင်ကိုရီးယားသမ္မတ လီတို့ တွေ့ဆုံမည့် အစည်းအဝေးတွင်လည်း မြောက်ကိုရီးယား၏ နျူကလီးယား စီမံကိန်းအကြောင်းကို ဆွေးနွေးသွား ဖွယ်ရှိသည်။
“မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက် ကင်းစင်ရေး လမ်းစဉ်ကို လက်ခံဖို့ ငြင်းပယ်နေပြီး နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံဆိုတဲ့ ဂုဏ်ပုဒ်ကို စွန့်လွှတ်မှာ မဟုတ်ပါဘူး” ဟု တောင်ကိုရီးယား၏ ပြန်လည် ပေါင်းစည်းရေး အင်စတီကျုမှ ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ဟွန်မင် (Hong Min) က ပြောကြားခဲ့သည်။
Source: ရိုက်တာ