CNI International News
ကိယက်ဗ်၊ အောက်တိုဘာ ၁၄
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ယူကရိန်းအတွက် Tomahawk တာဝေးပစ် ခရုဇ် ဒုံးကျည်များပေးရန် စဉ်းစားနေကြောင်း DW သတင်းတွင် ဖော်ပြခဲ့သည်။
ထရမ့်သည် အရှေ့အလယ်ပိုင်းသို့ သွားရောက်သည့် ခရီးစဉ်အတွင်း Air Force One လေယာဉ်ပေါ်တွင် သတင်း ထောက်များနှင့် တွေ့ဆုံရာ၌ သတင်းထောက်များက Tomahawk ဒုံးကျည်များကို ယူကရိန်းအား ပေးမည် ဟုတ်၊မဟုတ် မေးမြန်းခဲ့သည်။
ထရမ့်ကမူ သူသည် ယူကရိန်းကို Tomahawk ဒုံးကျည်များ ပေးလိမ့်မည်ဟု ပြန်လည် ဖြေကြားခဲ့သည်။
ထရမ့်နှင့် ယူကရိန်းသမ္မတ ဇာလန်းစကီး ( Volodymyr Zelensky) ကြား ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ဒုတိယအကြိမ်မြောက် ဖုန်းဆက်သွယ် ပြောဆိုခဲ့ပြီးနောက် ထရမ့်က ယူကရိန်းကို Tomahawk ဒုံးကျည်များ ပေးမည့် စကားကို ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုံးကျည်ကို တွေ့ရစဉ်
ရုရှားကမူ အမေရိကန်အနေဖြင့် ယူကရိန်းကို တာဝေးပစ် ဒုံးကျည်များ ထောက်ပံ့ပေးမှုအား ဆန့်ကျင်ကြောင်း သတိပေးခဲ့ကြောင်း၊ ထိုကဲ့သို့ တာဝေးပစ် ဒုံးကျည်များ ထောက်ပံ့ခြင်းသည် ပဋိပက္ခကို မြင့်တက်စေပြီး အမေရိကန်-ရုရှား ဆက်ဆံရေးအား တင်းမာစေလိမ့်မည်ဟု ပြောကြားခဲ့သည်။
ဇာလန်းစကီးက သူသည် Tomahawk နှင့် ATACMS ပဲ့ထိန်းဒုံးကျည်များ အပါအဝင် တာဝေး တိုက်ခိုက်ရေး လက်နက်များ ထောက်ပံ့ရေးအတွက် အမေရိကန်အရာရှိများနှင့် ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။
Tomahawk ဒုံးကျည်များသည် ၂၅၀၀ ကီလိုမီတာ အကွာအဝေးအထိ ပျံသန်းနိုင်သဖြင့် ယူကရိန်းနိုင်ငံအတွင်းမှ ရုရှားနိုင်ငံအတွင်းသို့ ပစ်ခတ်တိုက်ခိုက်နိုင်မည်ဖြစ်သည်။
ယူကရိန်းကိုယ်စားလှယ်အဖွဲ့ကလည်း လက်နက်များ ကူညီထောက်ပံ့ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးရန် လာမည့် ရက်ပိုင်းအတွင်း အမေရိကန်သို့ သွားရောက်ရန် စီစဉ်ထားသည်။
ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် (Dmitry Peskov) ကမူ အမေရိကန်၏ Tomahawk ဒုံးကျည်များ ယူကရိန်းသို့ ထောက်ပံ့မည့် အကြောင်းအရာသည် အလွန်စိုးရိမ်စရာကောင်းကြောင်း ပြောကြားခဲ့ သည်။
Source: DW