CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၆

ညီနောင်မဟာမိတ် ၃ ဖွဲ့(MNDAA-AA-TNLA)အပေါ် တရုတ်က ဖိအားပေးလာမှုသည် အတိုက်အခံအင်အားစုများ အပေါ်  အကျိုးသက်ရောက်မှု ရှိသလားဆိုသည်နှင့် ပတ်သက်၍ စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များကြား သုံးသပ် လျက် ရှိနေသည်။

တရုတ်က ညီနောင်မဟာမိတ်သုံးဖွဲ့ကို ဖိအားပေးသော်လည်း နွေဦးတော်လှန်ရေးအပေါ် သက်ရောက်မှု မရှိကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မရှိပါဘူး။ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုဗျ၊ စစ်ကောင်စီက ရမှာ မဟုတ်လို့ပါ၊ စစ်ကောင်စီက လားရှိုးကို ပြန်သိမ်းဖို့တို့ လောက်ကိုင်ကို ပြန်သိမ်းဖို့တို့ သူက သူ့တပ်ထဲမှာလည်း ဒါတွေ ပြောနေတာ ဖြစ်တာကိုး အဲဒီအခါကြ သူက လုပ်လာမှာ လုပ်လာလို့ရှိရင် ကျန်တဲ့ လူတွေလည်း ပြန်တိုက်လို့ရတယ်လေ၊ အစကတည်းက ပြောပြီးသားပဲ ကိုယ့်ဒေသကို ကာကွယ်ခွင့်ရှိတယ်ဆိုတာ” ဟု ပြောသည်။

ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အနေဖြင့် တိုက်ပွဲများ ချက်ချင်းရပ်တန့်ကာ မြန်မာပြည် မြောက်ပိုင်းနှင့် တရုတ်-မြန်မာ နယ်စပ်ဒေသများတွင် အေးချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းရန် ရွှေလီမြို့နိုင်ငံတော် လုံခြုံရေးကော်မတီက ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၉ ရက်နေ့မှာ ပေးပို့ခဲ့သည်။

 MNDAA-AA-TNLA ခေါင်းဆောင်များကို တွေ့ရစဉ်

အလားတူ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)က NUG နှင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းခြင်း၊ စစ်မြေပြင်ချဲ့ထွင်ခြင်း၊ မန္တလေးနှင့် တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ ပြုလုပ်မည် မဟုတ်ဘဲ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားမည်ဟု စက်တင်ဘာ ၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

အဆိုပါ MNDAA နှင့် TNLAသည် တို့  NUG နှင့် မဟာမိတ်ဖွဲ့ပြီး မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေသလို နစက အစိုးရ ဖြုတ်ချနိုင်ရေး ကြိုးပမ်းနေသည့် တရုတ်နယ်စပ်မှ လက်နက်ကိုင်အဖွဲ့များဖြစ်သည်။

နစက အာဏာရယူမှုကို မကြိုက်၍ လက်နက်ကိုင်လမ်းစဉ်ကို NUG၊ PDF တို့ ရွေးချယ်သွားကြောင်း၊ လက်နက်ကိုင်လမ်းစဉ်မှာ အောင်မြင်မှု ရာခိုင်နှုန်းနည်းကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရွေးကောက်ပွဲတစ်ခုကနေ သွားတဲ့လမ်းကြောင်း မဟုတ်ဘဲနဲ့ လက်နက်ကိုင်လမ်းကြောင်းကို ရွေးသွားပြီ ဆိုလို့ရှိရင် နဂိုကတည်းက လမ်းကြောင်းက လွဲနေပြီ၊ အဲဒီလမ်းကြောင်း အဟကြီးထင်ပြီး ဆက်သွားလိုက်တာ ကတော့ NUG၊ PDF ရဲ့ တစ်ပိုင်းပေါ့၊ သေချာတာကတော့ သူတို့က နဂိုကတည်းက သူတို့ ရပ်တည်ချက်အရ နိုင်ငံရေးလမ်းကြောင်း သွားတာကနေပြီးတော့ လက်နက်ကိုင် လမ်းစဉ်ရွေးတဲ့ အတွက်ကြောင့် သူတို့အတွက်က တော့ ထုံးစံအတိုင်းပါပဲ၊ မြန်မာနိုင်ငံမှာ လက်နက်ကိုင်လမ်းစဉ် တော်တော်များများ ရွေးကြတာက နောက်ဆုံးမှာ က အောင်မြင်မှုဆိုတာ တော်တော်လေး အခုချိန်ထိပေါ့ သမိုင်းကြောင်းတွေ လေ့လာတဲ့အခါမှာ အောင်မြင်မှု ရာခိုင်နှုန်းက တော်တော်လေးကို နည်းပါတယ်။ နည်းတဲ့အတွက်ကြောင့် သူတို့ကတော့ အချိန်အတိုင်းအတာ တစ်ခုကြရင်တော့ ထုံးစံအတိုင်းပေါ့ ပျောက်သွားပါလိမ့်မယ်၊ ကျနော်တို့က ဒီလိုပဲ သုံးသပ်ပါတယ်” ဟု ပြော သည်။

TNLA ကို တွေ့ရစဉ်

တရုတ်အနေဖြင့် ၎င်းတို့ လုပ်ရမည့်အလုပ်ကို မဟာဗျူဟာအရ လုပ်နေကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့အပေါ် ဩဇာသက်ရောက်မှုရှိကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီနေ့အထိ TNLA က ကြေညာချက် မထုတ်တာ၊ AA က မထုတ်တာ၊ KIA က မထုတ်တာတွေ ကြည့်လိုက် ခြင်းအားဖြင့် တရုတ်ကလည်း သူလုပ်ရမယ့် အလုပ်တစ်ခုကို မဟာဗျူဟာအရ လုပ်တယ်၊ ဒီအဖွဲ့တွေကလည်း သူမွေးထားတာပဲ၊ သူမွေးထားတာလေ၊ သူပေးထားတာလေ၊ သူဆုတ်လိုဆုတ်၊ မှောက်လိုမှောက် သူမွေးထားတဲ့ အဖွဲ့တွေ ပျက်အောင်သူဘယ်လိုလုပ်မလဲ၊ မီးစတစ်ဖက်၊ ရေမုတ်တစ်ဖက် လုပ်နေတယ်၊ ဘယ်လုပ်မလဲ၊ အဲဒါကြောင့်မလို့ ယာယီနည်းနည်းပါးပါး လျော့ချင်လျေ့ာမယ်၊ ပြင်းပြင်းထန်ထန် ဖြစ်ချင်ဖြစ်မယ်၊ အဲဒါတရုတ်ရဲ့ အစီအစဉ်အောက်မှာ သွားတာ၊ တို့နွေဦးက အဲဒါတွေနဲ့ မပတ်သက်ဘဲနဲ့ နေမယ်ဆိုရင် နွေဦးအောင်မှာပဲ၊ အဲဒါတွေ နဲ့ ပတ်သက်ရင် နွေဦးရှုံးမှာပဲ” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေး အပြောင်းအလဲများကြောင့် ဒီမိုကရေစီအင်အားစုများမှာ လက်နက်ကိုင် နွေဦးတော်လှန်ရေးကို ဆင်နွှဲခဲ့ကြသည်။

ထို့နောက် TNLA၊ MNDAA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် ပူးပေါင်းကာ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိနေသည်။