CNI International News

တိုင်ပေ၊ ဇူလိုင် ၃

ထိုင်ဝမ်သည် နှစ်စဉ်ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုကို ဇူလိုင် ၉ ရက်တွင် စတင်ပြုလုပ်ရန် ပြင်ဆင်နေသည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

ထိုစစ်ရေး လေ့ကျင့်မှုတွင် ပထမဆုံး အနေဖြင့် မြို့ပြ အသက်ရှင် လွတ်မြောက်ရေး လေ့ကျင့်မှုကိုပဲ ပေါင်းစပ် ထည့်သွင်းသွားမည်ဖြစ်သည်။

တရုတ်သည် ထိုင်ဝမ်ကို ရှည်ကြာသည့် တိုက်ပွဲဆင်နွှဲနိုင်သဖြင့် စစ်ဘက်ဆိုင်ရာ ကာကွယ်ရေးနှင့် အရပ်ဘက်၏ ကြံ့ကြံ့ခံ ရပ်တည်နိုင်မှုကို မြှင့်တင်ရန် လိုအပ်နေသဖြင့် သမားရိုးကျ စစ်ရေးလေ့ကျင့်မှုတွင် အရပ်ဘက် လေ့ကျင့် မှုများကိုပါ ထည့်သွင်းပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

(၄၁)ကြိမ်မြောက် Han Kuang စစ်ရေးလေ့ကျင့်မှုကို ဇူလိုင် ၉ ရက်မှ ၁၈ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ၂၄ နာရီပတ်လုံး စစ်ဆင်ရေး အသင့်ရှိမှုကို စမ်းသပ်သွားမည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂ ရက် တွင် ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်ကာကွယ်ရေး အစည်းအဝေးလုပ်စဉ်

ယခုနှစ် စစ်ရေးလေ့ကျင့်မှုတွင် အရပ်သားများ ပူးပေါင်း ပါဝင်လာမည်ဖြစ်ပြီး ထိုအစီအစဉ်သည် ပြီးခဲ့သည့်နှစ်က ထိုင်ဝမ်သမ္မတ လိုင်ချင်တေး (Lai Ching-te) ၏ အရပ်ဘက် ကာကွယ်ရေးပုံစံကို အဆင့်မြှင့်တင်လိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အရပ်ဘက် လေ့ကျင့်မှုများတွင် လေကြောင်းတိုက်ခိုက်မှု သတိပေးချက် ထုတ်ပြန်မှုများ၊ လူအများအပြားကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးမှုများ၊ အရေးကြီးသည့် အခြေခံ အဆောက်အအုံများကို ကာကွယ်ပေးမှုများ ပါဝင်မည်ဖြစ်သည်။

စစ်ပွဲဖြစ်ပွားလာချိန်တွင် မည်ကဲ့သို့ တုံ့ပြန် ဆောင်ရွက်ရမည်ဆိုခြင်းကို အရပ်သားများကပါ သိရှိနားလည်စေရန် စစ်ပွဲဖြစ်ပွားနေသည့် အသွင်ဖြင့် သရုပ်ဖော် လေ့ကျင့်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဌာနက ပြောကြားခဲ့သည်။

အသင့် အနေအထား ရှိနေမှသာ ငြိမ်းချမ်းရေးကို  ထိန်းသိမ်းထားနိုင်မည်ဖြစ်ကြောင်း၊ အရပ်ဘက် ကာကွယ်ရေး နှင့် စစ်စည်းရုံးမှုများသည် ထိုင်ဝမ်၏ ကာကွယ်ရေးအတွက် အရေးကြီးကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဌာန၏ စစ်ဆင်ရေး စီမံချက်ရေးဆွဲရေးဌာန၏ အကြီးအကဲ ဗိုလ်ချုပ် တန်ချီရှင်း (Tung Chi-hsing) က ပြောကြား ခဲ့သည်။

Source: South China Morning Post