CNI New

၂၀၂၅ ခုနှစ်၊ ဇူလိူင် ၃

ရွေးကောက်ပွဲ ကျင်းပဖြစ်ပါက ပြည်သူလူထုအတွက် ထွက်ပေါက်ဖြစ်မည်ဖြစ်၍ ရွေးကောက်ပွဲမှာ ပြည်သူလူထု မဲပေးလာအောင် နိုင်ငံရေးသမားများက ဆောင်ရွက်ကြရမည်ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများ၌ ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ် ကြောင်း၊ ရွေးကောက်ပွဲအနိုင်ရရှိသည့် ပါတီအား နိုင်ငံတော်အာဏာ လွှဲပြောင်းပေးသွားမည်ဟု နစကဥက္ကဋ္ဌက ပြောကြားထားသည်။

ယခုလက်ရှိ အခြေအနေကြီးက အကုန်လုံး အကျပ်အတည်းဖြစ်နေကြောင်း၊ တခြား မည်သည့် ထွက်ပေါက်ရှိသလဲ  မေးခွန်းရှိ၍ ကိုယ်လုပ်စရာရှိတာ လုပ်ရမည်ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီများနဲ့ နစကဥက္ကဋ္ဌကို တွေ့ရစဉ်

၎င်းက “မဲပေးနိုင်ခြေကတော့ လူထုကိုသာ သဘောပေါက်အောင်ပေါ့နော်၊  လူထုက ဒီရွေးကောက်ပွဲကို မဲပေးခြင်း အားဖြင့် သူတို့ရဲ့ထွက်ပေါက် ဖြစ်တယ်ဆိုတဲ့ဟာကို သိအောင်တော့ ကျနော်တို့က ဒါနိုင်ငံရေးသမားတွေ လုပ်ရမှာ ပေါ့။ ကိုယ့်အပိုင်း ကိုယ်လုပ်စရာရှိတာ လုပ်ရမှာပဲ။ ကျနော်တို့ လက်ရှိမြင်ရတဲ့ အတိုင်းအတာအရတော့ တခြား ထွက်ပေါက် ဘာရှိလဲပေါ့၊ လူထုက မွန်းကျပ်နေပြီ normal အခြေအနေကို ပြန်ရောက်အောင် လုပ်နိုင်တဲ့ အခင်း အကျင်းဆိုလို့ ဒါသည် ဒီအရေးကြီးတယ်။ ဒီဟာသည် အလှည့်အပြောင်း တစ်ခုဖြစ်တယ်။ ဒီအတွက်ကြောင့် အသိမ် မွေ့ဆုံးနဲ့ လူထု ထိခိုက်နစ်နာမှု ဘာမှမရှိပဲနဲ့ကို ပြောင်းလဲနိုင်တာ ဖြစ်တဲ့အတွက်ကြောင့် ဒီဟာကိုလုပ်ဖို့ ပြောနေ တာ အခုက ကျနော်တို့က ရွေးကောက်ပွဲဥပဒေ ထွက်မလာသေးတဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့ အနေနဲ့ ဒီဥပဒေက ဘယ်လိုရှိလဲ အခုချိန်မှာ ဒါ MMP ပေါ့နော်။ သုံးမယ်ဆိုတာမျိုး ကြားရတယ်။ ဘယ်လိုပုံစံမျိုး လာမလဲ  လာတဲ့ပုံစံမျိုးထဲက မူတည်ပြီးတော့မှ ဒါပြည်သူ့ကိုလည်း ဒါကျနော်တို့ ဘယ်လိုပုံစံမျိုး မဲထည့်ရမယ် ဘာညာဆို တာကိုလည်းပြောရမယ်။ လူထုမဲထည့်လာခြင်း အားဖြင့်ကိုက ဒါသည်ထွက်ပေါက် ဘယ်သူ့ကို မဲပေးလိုက်တယ် ဆိုတာထက် မဲပေးခြင်းပင်လျှင် ကိုယ့်ထွက်ပေါက်ကိုယ် လုပ်ရတယ်ဆိုတဲ့ ဟာမျိုးကိုလည်း ကျနော်တို့က ပြောရ ဆိုရမှာပေါ့လေ။ အခုကိုပဲ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အသံတွေက ကြိုက်တယ် မကြိုက်ဘူးဆိုတာ ပြောနေရ တာကို ဒီဟာမှာကိုပဲ လူထုက ဪရွေးကောက်ပွဲဆိုတဲ့ အသံကြားလာပြီ နားထဲမှာ ပုံမှန်ကြားလာခြင်း အားဖြင့် ကိုက သူသည် ရွေးကောက်ပွဲမှာ မဲပေးဖို့ နိုးကြားလာမယ်လို့ ကျနော်ကတော့ မျှော်လင့်ပါတယ်”ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မဲဘယ်လောက် ရာခိုင်နှုန်းပေးမှ ရွေးကောက်ပွဲ အထမြောက်သည်ဟု ပြဋ္ဌာန်း ထားခြင်းမရှိ၍ ရွေးကောက်ပွဲ ကျင်းပဖြစ်ပါက အထမြောက်မှာဖြစ်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးစိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။ 

ရွေးကောက်ပွဲ မဲပေးကြမည့် သူများကို တွေ့ရစဉ်

၎င်းက “မြန်မာပြည်သူ မဲပေးခြင်း မပေးခြင်း ဆိုတာကတော့ ၂၀၀၈ အခြေခံဥပဒေအရတော့ မဲဘယ်လောက် ရာခိုင်နှုန်း ရှိမှ ရွေးကောက်ပွဲ အထမြောက်တယ်လို့ ပြဋ္ဌာန်းခြင်း မရှိတဲ့အခါကြတော့ ရွေးကောက်ပွဲကတော့ အထမြောက် သွားမှာပါ ကျနော်တို့ကတော့ တင်ပြဆွေးနွေးခဲ့တာတွေလည်း ရှိပါတယ်။ ဒီအခု အဝေးရောက် မဲလို့ဆိုကြပါစို့။ သူတို့တွေက စစ်ဘေးရှောင်တဲ့လူတွေက ကျနော်တို့ ဗန်းမော်ကနေပြီးမှ မန္တလေးကို စစ်ဘေး လာ‌ရှောင်တယ်။ ရောက်တဲ့နေရာမှာ ရောက်တဲ့ ကိုယ်စားလှယ် မဲပေးဆိုတာမျိုး မဖြစ်အောင် သူတို့အတွက် မဲထည့် နိုင်အောင်လို့လေ အဝေးရောက်မဲဆိုတာ အခု ကျနော်တို့ ဒီနိုင်ငံခြားက မဲတွေပေါ့နော်။ ရွေးကောက်ပွဲ မတိုင်ခင် မှာ ထည့်လိုက်တယ်။ ဒါစာအိတ်နဲ့ ရောက်လာတယ် အခုဒီပုံစံမျိုးကို ကျနော်တို့ ဒေသတွင်းကို ပြန်ပြီးမှ အကျိုး သက်ရောက် နိုင်အောင်ပေါ့။ ကိုယ်ဒေသက ကိုယ်စားလှယ်ကို ကိုယ် မဲပေးနိုင်အောင်ဆိုပြီးတော့မှ ကျနော်တို့ ပြောဆိုနေ ကြတုန်း ရှိပါသေးတယ်”ဟု ပြောသည်။

နစက ကျင်းပမည့် ရွေးကောက်ပွဲကို NUG၊ PDF၊ EAO များက မပျက်ပျက်အောင် ဖျက်မည်ဟု ထုတ်ပြန် ကြေညာ ထားသည်။

ထို့နောက် ပြည်သူလူထုသည် မဲရုံများ ပစ်မှတ်ထား တိုက်ခိုက်ခံရမည်ကို စိုးရိမ်နေခြင်းကြောင့် ရွေးကောက်ပွဲတွင် မဲပေး သင့်/မသင့်ကို စဉ်းစားနေကြသလို တချို့က မဲမထည့်တော့ရန် ဆုံးဖြတ်ထားသူများရှိနေကြောင်း သိရသည်။

ထို့ပြင် တချို့သော ပြည်သူလူထုများကတော့ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ၏ ရပ်တည်ချက်နှင့် သမိုင်းကြောင်းဆိုင်ရာ အခြေအနေများကို မနှစ်သက်ကာ မယုံကြည်၍ မဲမထည့်ရန် ဆုံးဖြတ် ထားကြကြောင်း မဲဆန္ဒရှင်များက ပြောသည်။