CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၂

ပြည်ပ နိုင်ငံများသို့ အလုပ်အကိုင် အခွင့်အလှမ်းရှိသည်ဟုဆိုကာ တရားမဝင်အေဂျင်စီ အဖြစ် လုပ်ကိုင်နေမှုများကို တိုင်ကြားလာလျှင် အရေးယူသွားမည်ဟု အလုပ်သမား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက CNI သတင်း ဌာနသို့ ပြောသည်။

“တရားမဝင်အေဂျင်စီကတော့ ကျနော်တို့ကတော့ အဲဒါတွေကို လိုက်ပြီးတော့ စုံစမ်းထောက်လှမ်းနေတဲ့ ဌာနတော့မဟုတ်ဘူး။ အဲဒီတော့ တိုင်မှရမယ်။ တိုင်မှလည်း သိမှာ။ ဘာလို့ဆို ကျနော်တို့ ရုံးတွေမှာ ရှိတာက လက်ရှိ လုပ်ဆောင်ရမယ့်လုပ်ငန်းတာဝန်အရ ကျနော်တို့ ဒီဟာတွေကိုလိုက်ပြီး နယ်မြေတွေဆင်းပြီး တစ်လမ်းဝင်၊ တစ်လမ်းထွက်နဲ့ ဟိုလူ့မေး၊ ဒီလူ့မေး အဲဒီလောက်အထိ ကျနော်တို့လုပ်ဖို့လည်း တာဝန်အရ မရှိဘူး။ အဲဒီတော့ပြောချင်တာက တိုင်လို့ရှိရင် ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအရ ဒါ ရဲ အရေးပိုင်ခွင့်ရှိတဲ့ ဥပဒေဖြစ်တဲ့အတွက် ဒါ ကျ‌နော်တို့ တရားစွဲပြီးချက်ချင်းအရေးယူမှာဖြစ်ပါတယ်။ အဲဒီတော့ မတိုင်ရင် ကျနော်တို့ ဘာမှ မသိနိုင်ဘူးပေါ့။ ဒီဥစ္စာကို မတိုင်ဘူး သူတို့ဘာသာသူတို့ ကျေနပ်နေတယ်ဆိုရင် ဒါ အင်မတန်မှ လုပ်ရကိုင်ရ ခက်တဲ့ကိစ္စမျိုးဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိ၌ ပြည်ပသို့ သွားရောက်လုပ်ကိုင်လိုသူ များပြားနေသည့်အတွက် တရားမဝင် အေဂျင်စီ တို့သည်လည်း များပြားလာကာ ၎င်းတို့နှင့်ချိတ်ဆက်၍ ပြည်ပထွက် အလုပ်လုပ်သည့်အခါတွင် အခက်အခဲ၊ ဒုက္ခ များစွာကြုံရသကဲ့သို့ ငွေကြေးလိမ်လည်ခံလိုက်ရခြင်းများနှင့်လည်း ကြုံတွေ့နေရသည်။

ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုတွင် လာရောက်လျှောက်ထားသူများအားတွေ့ရစဉ်

လိုင်စင်မရှိဘဲ အလုပ်သမားစေလွှတ်ခြင်းနှင့် အလုပ်သမားစုဆောင်းခြင်းတို့သည် ငွေဒဏ်တစ်ခုတည်းနှင့် မပြီးပြတ်ဘဲ ထောင်ဒဏ်ပါ ကျခံရနိုင်သည့် ကြီးလေးသော ပြစ်မှုဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ဆက်ပြောသည်။

ယခင်ကတည်းက အလုပ်သမားဝန်ကြီးဌာနသို့ အလုပ်သမားအရေးနှင့်ပတ်သက်၍ တိုင်ကြားသည့်အခါတွင် အရေးယူမှုအပိုင်းတွင် အားနည်းသကဲ့သို့ ယခုလက်ရှိကာလ၌ ပိုမိုအားနည်းနိုင်သည်ဟု FED မှ အလုပ်သမား တာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ပြောသည်။

ထိုသို့ အရေးယူမှုအပိုင်း အားနည်းသည့်အတွက် ယခုကဲ့သို့ တရားမဝင်အေဂျင်စီ ပေါများလာပြီး လိမ်လည်မှု တို့မှာလည်း ပေါများလာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးမင်းဦးက “တကယ့်တကယ်က လုပ်ချင်တယ်ဆို လုပ်လို့ရပါတယ်။ ဒါကို ကိုင်တွယ်လို့ရတာပဲဥစ္စာ။ ဥပမာ အားဖြင့် ထိထိရောက်ရောက်နဲ့ အရေးယူတရားစွဲပြီးတော့ လုပ်ပြလိုက်ရင် နောက် ကျန်တဲ့လူတွေက ဘယ်လုပ် ရဲပါ့မလဲ။ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ ဒါတွေက ဖြစ်နေမှာ။ အခုလိုအချိန်မှာဆို ပိုလို့တောင် အခွင့်ကောင်း ဖြစ်နေတာပေါ့ သူတို့အတွက်။ အရေးယူမှုအပိုင်းမှာ မပြတ်သားတဲ့ဟာတွေပေါ့နော်။ နောက်ပြီးတော့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ ဆိုတဲ့ဟာတွေ။ အဲဒီလိုမျိုးတွေ ဖြစ်နေတာ။ အခုဆိုရင်တော့ အဲဒီ အရင်တုန်းက အခြေအနေတွေထက် ပိုပြီးတော့ ဆိုးမယ်လို့ ကျနော်ထင်တယ်။ လူတွေကလည်း တော်တော်များများကလည်း သူတို့ ရတဲ့နည်းနဲ့ ထွက်ဖို့ကြိုးစားတဲ့အခါမှာ ဟိုက တရားဝင်ဝင်၊ မဝင်ဝင်ပေါ့နော် ပြည်ပကို အမြန်ဆုံး ထွက်လို့ရတဲ့နည်းလမ်းကို ရှာကြတာ။ ဒီ မှန်တယ်၊ မှားတယ်ဆိုတဲ့ ကိစ္စတွေ သူတို့မစဉ်းစားနိုင်တော့ဘူး။ ပြောတဲ့အပေါ် ယုံပြီးတော့ လုပ်ကြတာပေါ့” ဟု ပြောသည်။

လက်ရှိတွင် ပြည်ပသို့ အလုပ်သမားစေလွှတ်ရာတွင် တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲ တရားမဝင်လမ်းကြောင်းမှ စေလွှတ်သည့် တရားမဝင်အေဂျင်စီများရှိသကဲ့သို့ လူအစုအဖွဲ့ဖြင့် အမှန်တကယ် လုပ်ကိုင်နေသည့် တရားဝင် အေဂျင်စီများ၏ အမည်နှင့် အချက်အလက်တို့ကို အသုံးပြုကာ ငွေကြေးလိမ်လည်နေခြင်းများလည်း ရှိကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများထံက သိရသည်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံးတွင် တန်းစီစောင့်ဆိုင်နေကြစဉ်

ထိုသို့ ကိစ္စရပ်များရှိနေသည့်အတွက် အမှန်တကယ် လိုင်စင်ဖြင့် တရားဝင်လုပ်ကိုင်နေသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီများတွင် ထိခိုက်မှုရှိကြောင်း ပွင့်ဖူးအောင် အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဒေါ်မြတ်ဟေမာန်လင်းက CNI သတင်းဌာနသို့ ပြောသည်။

“နောက်တစ်ခုက ဆရာမတို့ဆီကို ဖုန်းတွေဆက်လာတယ်။ ဘာတွေ ဆက်လာလဲဆိုတော့ ဒီလထဲမှာ စာချုပ် ချုပ်တာ မရှိဘူးလားပေါ့။ ကိုယ့်ကိုလည်း စာအုပ်လည်း လာမအပ်သေးဘူး၊ ကိုယ့်အေဂျင်စီကလည်း ဘာမှန်းလဲ မသိဘူး။ သူတို့မေးတဲ့ မေးပုံမေးနည်းကိုကလေ။ အလုပ်အပ်ချင်တဲ့သူတွေက အမြန်သွားချင်တယ် အလုပ်နဲ့ပေါ့။ အမြန်ရတဲ့ စာချုပ်ပေးပါတို့၊ အခုပေါက်တဲ့ ဈေးတွေလည်းသိတယ်။ ဈေးချိုချိုပေါ့။ နောက်ငွေလွှဲပေးပါ။ ဘယ်နေ့ ကို စာချုပ်ချုပ်တော့မယ်ပေါ့။ ရက်စွဲတွေ သူတို့ပေးတယ်။ ဒါပေမယ့် တကယ့်မှာကတော့ အဲဒီအေဂျင်စီတွေမှာ ဆရာမတို့ အေဂျင်စီတွေမှာလည်း အဲဒီအလုပ်တွေမရှိဘူး။ တကယ်အထိနာတဲ့သူတွေက ဘယ်သူတွေလဲဆိုတော့ မြန်မြန်သွားချင်တယ်၊ နောက် ဒီလထဲမှာ စာချုပ်ချုပ်ချင်တယ်၊ ဒီလထဲမှာ စာချုပ်ချုပ်ပြီးရင် သူတို့က အပြော ကောင်းတယ် ရက် ၂၀ အတွင်းတောင် ထွက်ရမှာတို့။ အမှန်တကယ်ကတော့ မြေပြင်အခြေအနေ အလုပ်လုပ် နေတဲ့လူတွေက ဆရာမတို့မှာ ၃  လကျော်  ဟာတောင် ရှိတယ်။ စေလွှတ်ရက်တွေကပေါ့။ ကျော်တဲ့အကြောင်းအရင်းက တစ်ရက်မှ ၈၅၀ ပဲ စေလွှတ်လို့ရတာလေ။ အဲတော့ သူသူငါငါ စေလွှတ်နေတဲ့အချိန်မှာ ကိုယ်က ဒီလထဲမှာ သွားချင်တယ် ဆိုရင်တောင် ဆရာမက ဒီရက်ထဲ သွားတင်ရင်တောင် ဒီဇင်ဘာ ‌ကုန်တော့ မှ ရတော့မှာ။ အနည်းဆုံး စာချုပ်ချုပ်ဆိုပြီးရင် ၂ လကျော်မှ သွားရတာများတယ်”ဟု ၎င်းကပြောသည်။

တရားဝင်အေဂျင်စီကိုသော်လည်းကောင်း တရားမဝင် အေဂျင်စီကိုသော်လည်းကောင်း တိုင်ကြားချင်လျှင် တိုင်ကြားမည့်သူ၏ အချက်အလက်အပြည့်အစုံလိုအပ်သကဲ့သို့ တိုင်ကြားသည့်အကြောင်းနှင့်ပတ်သက်၍လည်း အချက်အလက်အပြည့်အစုံလိုအပ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

ထို့အပြင် ဝန်ကြီးဌာနသို့ တိုင်ကြားလာသည့်အထဲတွင် အချက်အလက်ပြည့်စုံ မှန်ကန်မည်ဆိုပါက တရားဝင် အေဂျင်စီဖြစ်သော်လည်း အရေးယူခြင်းများ လုပ်ဆောင်ကြောင်းလည်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။