CNI International News

မနီလာ၊ ဧပြီ ၂၀

ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက် (EDCA) အရ ဝင်ရောက်ခွင့်ရှိသော စစ်စခန်းများတွင် အမေရိကန်တို့အနေဖြင့် ထိုင်ဝမ်ကို ကာကွယ်ရေးအတွက် အသုံးပြုဖွယ်ရှိသော လက်နက်များအား သိုလှောင်ခွင့် ပေးသွားမည်မဟုတ်ဟု ဖိလစ်ပိုင်ဘက်က ငြင်းဆိုခဲ့ကြောင်း South China Morning Post သတင်းတွင် ဖော်ပြသည်။

အမေရိကန်အနေဖြင့် ၂၀၁၄ ခုနှစ် သဘောတူညီချက်တွင် မပါဝင်သော အရာများကို လုပ်ဆောင်ခွင့်ရှိမည် မဟုတ် ဟုလည်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး အင်းနရစ် မာနာလို(Enrique Manalo) က ပြောသည်။

EDCA အား မသက်ဆိုင်သော နိုင်ငံတစ်ခုမှ ဖိလစ်ပိုင်အား အသုံးပြုသွားရန် ရည်ရွယ်ထားခြင်း မရှိဟု ရှုမြင် ကြောင်း မာနာလိုက ဗုဒ္ဓဟူးနေ့ လွှတ်တော်ကြားနာမှု တစ်ခုတွင် ပြောခဲ့သည်။

အစိုးရ၏ ပင်မနိုင်ငံခြားရေး မူဝါဒများသည် အားလုံးနှင့် မိတ်ဆွေဖြစ်ရန်အတွက်သာ ဖြစ်ကြောင်း ပြောကာ လုံခြုံရေး သဘောတူညီချက်သည် အစိုးရ၏ သဘောထားကို ထင်ဟပ်နေစေမည်ဟုလည်း ကတိပေးသည်။

ဖိလစ်ပိုင်အစိုးရအနေဖြင့် EDCA စစ်စခန်းများတွင် အမေရိကန်တပ်များကို လောင်စာဖြည့်ခြင်း၊ ပြုပြင်ခြင်းနှင့် အင်အား ဖြည့်တင်းခြင်းတို့ လုပ်ဆောင်ခွင့် ပြုသွားမည် မဟုတ်ကြောင်းလည်း ဖိလစ်ပိုင်ဝန်ကြီးက ပြောသည်။

ဖိလစ်ပိုင်သမ္မတ၏ မောင်နှမ တစ်ဖြစ်လဲ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ အီမီ မားကို့စ် (Imee Marcos) က ကြားနာမှုအတွင်း တပ်စခန်းနေရာများ ရွေးချယ်မှုနှင့် ပတ်သက်သည့် အဓိက အကြောင်းအရင်းများကို မေးမြန်းခဲ့ သည်။

 ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး အင်းနရစ် မာနာလို

ယခုလ အစောပိုင်းတွင် ဖိလစ်ပိုင်အစိုးရသည် ထိုင်ဝမ် ရေလက်ကြားနှင့် အငြင်းပွား တောင်တရုတ် ပင်လယ်အနီး ရှိ စစ်စခန်း နောက်ထပ် လေးခုထံ အမေရိကန်တပ်များ ဝင်ရောက် အသုံးပြုခွင့် ပေးခဲ့ခြင်းကြောင့် အမေရိကန်တို့ အသုံးပြုနိုင်သည့် ဖိလစ်ပိုင်မှ တပ်စခန်း အရေအတွက်မှာ ကိုးခုအထိ မြင့်တက်လာသည်။

EDCA သဘောတူညီချက်အရ အမေရိကန်တပ်များသည် ကာလရှည် တပ်စွဲရန် တပ်များ ရွှေ့ပြောင်းခြင်းနှင့် စခန်းများတွင် အဆောက်အဦများ တည်ဆောက် အသုံးပြုခွင့် ရှိသည်။

မားကို့စ်၏ မေးခွန်းကို ကာကွယ်ရေးဝန်ကြီး ကာလီတို ဂါဗတ်ဇ်ဂျူနီယာ (Carlito Galvez Jnr)က ထိုစခန်းများ အား ဖိလစ်ပိုင်၏ အားနည်းသော မြောက်ပိုင်းနှင့် အနောက် ဖိလစ်ပိုင် ပင်လယ်မှ ရေကြောင်း အကျိုးစီးပွားကို ကာကွယ်ရန် ရွေးချယ်ခဲ့သည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

ထိုအဖြေကို သဘောမကျသော မားကို့စ်က သူမနှင့် နိုင်ငံမြောက်ပိုင်းမှ တံငါသည်များ အနေဖြင့် မြောက်ပိုင်း ဒေသသည် အန္တရာယ်ရှိနေသည်ဟု မထင်ကြောင်း ပြန်တုံ့ပြန်ခဲ့သည်။

ဖိလစ်ပိုင်အစိုးရသည် အထူးစီးပွားရေးဇုန်နှင့် ရေပိုင်နက် တည်ရှိရာ တောင်တရုတ်ပင်လယ် အရှေ့ဘက် အစိတ် အပိုင်းများကို ရည်ရွယ်၍ အနောက်ဖိလစ်ပိုင် ပင်လယ်ဟု ရည်ညွှန်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မားကို့စ်က ဖိလစ်ပိုင်၏ စစ်ဘက်သုံး ပစ္စည်းများကို အဆင့်မြှင့်တင်ရေးတွင် EDCA ၏ အခန်းကဏ္ဍအပြင် ပြင်ပ ကာကွယ်မှုအတွက် အဘယ့်ကြောင့် နိုင်ငံခြားသားများအပေါ် မှီခိုနေရပါသလဲဟု ထပ်မံ မေးခွန်းထုတ်ခဲ့ရာတွင် EDCA ၏ အဆင့်မြှင့်တင်ရေး လုပ်ငန်းများသည် မဟာမိတ်များနှင့် စုပေါင်းအင်အားဖြင့် တိုင်းပြည်ကို ကာကွယ် ရေး ပြင်ဆင်ရန် ရည်ရွယ်သည်ဟု ဂါဗတ်ဇ်က ပြန်လည် ဖြေကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီး ကာလီတို ဂါဗတ်ဇ်ဂျူနီယာ

စစ်စခန်း အသစ်များထံ အမေရိကန်တပ်များ ဝင်ရောက်ခွင့် ပေးခြင်းသည် ဖိလစ်ပိုင်နိုင်ငံအတွင်း လူသားချင်း စာနာမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်မှုများ ပြုလုပ်ရန် ရည်ရွယ်ခြင်းသာ ဖြစ်သည်ဟု ဖိလစ်ပိုင်နှင့် အမေရိကန်တို့က ပြောဆိုထားသည်။

သို့သော် ထိုဖြေရှင်းမှုအပေါ် တရုတ်ဘက်က လက်ခံနိုင်ခြင်းမရှိဘဲ EDCA သဘောတူညီချက်ကို ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့ကာ ယင်းသည် အမေရိကန်အား ၎င်းတို့၏ အကျိုးစီးပွားအတွက် ထိုင်ဝမ် ရေလက်ကြား တစ်လျှောက် အခြေအနေများကို ဝင်ရောက် စွက်ဖက်ရေး အားသာချက် ဖြစ်စေသည်ဟုလည်း စွပ်စွဲထားသည်။

Source: CMSN