CNI International News

တိုင်ပေ၊ ဧပြီ ၈

ထိုင်ဝမ်သို့ အမေရိကန်က စစ်လက်နက်များ ထောက်ပံ့နေခြင်းကို တုံ့ပြန်သည့်အနေဖြင့် တရုတ်စစ်တပ်သည် ထိုင်ဝမ်လွတ်လပ်ရေး ထူထောင်ရန်ကြိုးပမ်းမှုများနှင့် နိုင်ငံခြားမှ ဝင်ရောက်စွက်ဖက်မှုများကို တားဆီးရန် ထိရောက်သောအစီအမံများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ တန်ကဲဖေး (Tan Kefei) က ဧပြီ ၇ ရက်တွင် ပြောကြားခဲ့သည်ဟု ရုရှားမီဒီယာ အာရ်တီသတင်းအရ သိရသည်။

ထိုင်ဝမ်သည် တရုတ်ပိုင်နက်နယ်မြေအတွင်း ခွဲမထွက်ရအစိတ်အပိုင်းတစ်ခုအဖြစ် တည်ရှိနေပြီး ထိုကျွန်း ၏ပြဿနာမှာ တရုတ်၏အခြေခံအကျိုးစီးပွားသာ ဖြစ်ကြောင်း၊ နိုင်ငံခြားမှ ဝင်ရောက်စွက်ဖက်မှုများကို သည်းခံနေမည်မဟုတ်ကြောင်း တန်ကဲဖေးက ဆက်လက်ပြောကြားခဲ့သည်။

တရုတ်စစ်တပ်သည် နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုနှင့် ခွဲထွက်ရေးတပ်ဖွဲ့များ၏ကြိုးပမ်းချက်များကို ပြတ်သားစွာ နှိမ်နင်းနိုင်ရန် ထိရောက်သည့်အစီအမံများ ချမှတ်ဆောင်ရွက်သွားရန်ရှိကြောင်း၊ မိမိတို့အချုပ်အခြာ အာဏာနှင့် ပိုင်နက်နယ်မြေကို မယိမ်းမယိုင်အောင် ကာကွယ်သွားမှာဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တက်လာပြီးနောက် စစ်အသုံးစရိတ်၏ သုံးပုံတစ်ပုံပမာဏရှိသည့် ခန့်မှန်းခြေ ဒေါ်လာ ၉၅ သန်းတန်ဖိုးကို ထိုင်ဝမ်သို့ စစ်ရေးအထောက်ပံ့ပေးရန် သဘောတူခွင့်ပြုလိုက်ပြီးနောက် ယခုကဲ့သို့ တရုတ်စစ်တပ်ဘက်မှ ပြောကြားချက် ထွက်ပေါ်လာခဲ့သည်။

ထိုင်ဝမ်ကျွန်းပေါ်အရောက် အမေရိကန်ပို့ဆောင်ပေးမည့် အထောက်အပံ့များမှာ စစ်ရေးလေ့ကျင့်ခြင်း၊ အစီအစဉ် ရေးဆွဲခြင်း၊ လက်တွေ့ကွင်းဆင်းခြင်း၊ တပ်ဖြန့်ခြင်း၊ စစ်လက်နက်နှင့်ဆက်စပ်ပစ္စည်းများ၊ ထောက်ပံ့ပို့ဆောင်ရေး ဆိုင်ရာ ပံ့ပိုးပစ္စည်းများအပြင် ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် မြေပြင်အထောက်အကူပြုကိရိယာများနှင့် အရံပစ္စည်းများ ပါဝင်မည်ဖြစ်သည်။

“တိုင်ပေကို အမေရိကန်က လက်နက်ရောင်းပေးတာဟာ တရုတ်တစ်နိုင်ငံတည်းမူဝါဒနဲ့ အမေရိကန်-တရုတ် ပူးတွဲကြေညာချက်မှာပါတဲ့ အချက် ၃ ချက်ကို အတိအလင်းချိုးဖောက်တာဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ တရုတ် ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်တာဖြစ်ပြီး တရုတ်ရဲ့အချုပ်အခြာအာဏာနဲ့ လုံခြုံရေး၊ အကျိုးစီးပွားကို အပြင်းအထန် ထိခိုက်စေပါတယ်” ဟု တန်ကဲဖေးက ပြောကြားခဲ့သည်။

တိုင်ပေကို အမေရိကန်ကစစ်ရေးအရ ဆက်ဆံခြင်းသည် ထိုင်ဝမ်ရေလက်ကြားအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီသည် လာမည့်သီတင်းပတ်၌ ထိုင်ဝမ်ကျွန်းပေါ် လာရောက်ခဲ့ပါ လျှင် ပြင်းထန်သည့် အရေးယူမှုများ ဆောင်ရွက်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၆ ရက်တွင် အမေရိကန်သို့ သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ယင်းလုပ်ရပ်သည် နှစ်နိုင်ငံဆက်ဆံရေးကို ဆိုးရွားစွာ ထိခိုက် နိုင်သည်ဟုပြောကြားသည်။

နန်စီပလိုစီ၏ခရီးစဉ်ကို အတည်ပြု၍ မရသေးသော်လည်း ယခုသီတင်းပတ်အကုန်ပိုင်းတွင် ၎င်းသည် ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ်ပြီးနောက် ထိုင်ဝမ်သို့လည်း ဝင်လာလိမ့်မည်ဟု မီဒီယာအချို့က ယုံကြည်ထားကြသည်။

Source: အာရ်တီသတင်းဌာန