CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၈

လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် ကြားကာလ နိုင်ငံရေးသဘောတူညီချက် ရယူရန်လိုအပ် ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။

အဆိုပါ ကြားကာလ နိုင်ငံရေးသဘောတူညီချက်ဟု ဆိုရာတွင် မည်သည့် အချက်များဖြစ်ကြောင်း လက်ရှိတွင် အတိအကျ ပြောနိုင်ခြင်း မရှိသေးသော်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို ဦးတည်သည့် အပြောင်းအလဲ သဘောတူညီချက်များ ရယူရန် ဖြစ်ကြောင်း ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ထောက်ပြတာကတော့ ၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင်ကလည်း အတိုက်အခံနဲ့ စစ်အစိုးရကြားပေါ့၊ ဘာမှ တိကျတဲ့ သဘောတူညီချက် မရဘဲနဲ့ ရွေးကောက်ပွဲ ဖြတ်သန်းခဲ့ကြတယ်၊ ၂၀၁၂ မှာလည်းပဲ ဒီလိုပဲ နိုင်ငံရေး သဘောတူညီ ချက် ဘာမှမရှိဘဲနဲ့ ဖြတ်သန်းခဲ့ကြတယ်၊ ဒါကြောင့်လည်း ၂၀၁၅၊ ၂၀၁၀ တောက်လျှောက် ဖြစ်တဲ့ဖြစ်စဥ်ပေါ့။ ဖြစ်ပေါ်လာခဲ့ တယ်၊ ဒါကြောင့်မို့လို့ ဒီတစ်ခေါက်မှာ နိုင်ငံရေး သဘောတူညီချက်ရဖို့ ဦးစားပေး ဆောင်ရွက်သင့်တယ်လို့ ဆွေးနွေးနေတာက ရလဒ် မထွက်သေးဘဲနဲ့ ဘယ်လိုပုံစံဖြစ်မယ် ဆိုတာတော့ အခုချိန်မှာ ပြောလို့မရဘူးပေါ့၊ သို့သော် ဘာပဲပြောပြော ဒီမိုကရေစီ နဲ့ ဖက်ဒရယ်ကို ဦးတည်တဲ့ အပြောင်းအလဲ သဘောတူညီချက်တွေ ရဖို့ဆိုတာတော့ ယေဘုယျ ပြောနိုင်ပါတယ်၊ တကယ် ဆွေးနွေးဖြစ် သဘောတူညီမှုရတဲ့ အခါကျမှပဲ တိတျကျကျ ပြောလို့ရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

လက်ရှိ မြန်မာ့နိုင်ငံရေး ပြဿနာတွင် ကြားကာလ နိုင်ငံရေးသဘောတူညီချက် ရယူရေးလိုအပ်ကြောင်း၊ အဆိုပါ သဘောတူ ညီချက်မှာ နိုင်ငံရေး ထွက်ပေါက် ဖြစ်နိုင်ကြောင်း၊ ပါဝင်သင့်ပါဝင်ထိုက်သူအားလုံး ပါဝင်ဆွေးနွေးညှိနှိုင်းရမည်ဖြစ်ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးရွှေမင်းက CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်

၎င်းက “ဘယ်စစ်ရေး ဘယ်နိုင်ငံရေးမဆို နောက်ဆုံးမှာ ဆွေးနွေးညှိနှိုင်းရင်းနဲ့ပဲ အဖြေရှာရမှာဖြစ်တယ်၊ ကမ္ဘာစစ်တောင်မှ တွေ့ဆုံ ညှိနှိုင်းရေးနဲ့ပဲ သွားကြရတာ၊ သွားနေတဲ့ကိစ္စ အပြုတ်တိုက်ရေးက ဘယ်လိုမှ အဖြေဖြစ်လာမှာ မဟုတ်ဘူးဆိုတာ တော့ ကျနော့်အနေနဲ့ သုံးသပ်ချင်တယ်၊ ကျနော်တို့ ဒါ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို သွားမယ်ဆိုရင် ဘယ်သူမဆို ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အဓိက လိုအပ်တဲ့ လမ်းကြောင်းတစ်ခု ရွေးချယ်နိုင်ရမယ်၊ နောက်တစ်ခု ပါဝင်သင့် ပါဝင်ထိုက်သူ၊ တကယ့် စွမ်း ဆောင်နိုင်တဲ့ ပုဂ္ဂိုလ်များ ပါဝင်ပြီးတော့ ကျနော်တို့ Third Party သဘောမျိုး အဲဒီလိုမျိုးလေး ဖြစ်လာမယ်ဆိုရင် ရှိနေတဲ့ နိုင်ငံရေး အင်အား စု လောလောဆယ်ရှိတဲ့ နစကပေါ့၊ တဖက်ကလည်း သူ့ရဲ့ အတိုက်အခံတွေရှိမယ်၊ ဒါတွေကို စေ့စပ်ပြီးပေါ့ စားပွဲပေါ်မှာ ရောက်လာအောင် စွမ်းဆောင်နိုင်ပြီး ဆွေးနွေး အဖြေရှာမယ်ဆိုရင်တော့ မြန်မာနိုင်ငံအတွက်တော့ အလား အလာ ကောင်းတွေ ဖြစ်လာနိုင်တယ်ပေါ့ဗျာ၊ ဒါမှမဟုတ်ဘဲ ဒီအတိုင်းပဲ အပြုတ်တိုက်ရေးနဲ့ပဲ ဆက်သွားမယ်ဆိုရင် မြန်မာ နိုင်ငံအတွက်က ရင်လေးစရာ ဖြစ်နေအုံးမယ်” ဟု ပြောသည်။

မြန်မာ့နိုင်ငံရေး ဖြေရှင်းနိုင်ရေးအတွက် ကြားကာလ နိုင်ငံရေးသဘောတူညီချက် ရယူရာတွင် တပ်မတော်၊ NUG ပဲ မဟုတ်ဘဲ တခြားသော တိုင်းရင်းသားပါတီများနှင့် ဒီမိုကရက်တစ်ပါတီများ၏ အခန်းကဏ္ဍကလည်း အရေးကြီးကြောင်း ဦးကိုကိုကြီးက ပြောသည်။

နွေဦးတော်လှန်ရေး

ဦးကိုကိုကြီးက “အဓိကကလည်း မြန်မာ့နိုင်ငံရေးလို့ပြောရင် တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ တခြား ဒီမိုကရက်တစ်ပါတီ တွေရဲ့ အသံပေါ့နော်၊ အဲဒီအခန်းကဏ္ဍက ပျောက်သလိုဖြစ်ပြီးတော့ ထင်ရှားတဲ့ အဖွဲ့အစည်းတွေကိုပဲ ဦးတည်ပြီးတော့ ပြော နေတာကိုယ်နှိုက်က ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ နိုင်ငံရေး မတူကွဲပြားတဲ့ အမြင်သဘောထားတွေကို လစ်လျူရှုသလို ဖြစ် နေတယ်၊ ဒါကြောင့် ဖြစ်နေတဲ့ ဟာကလည်း နှစ်ဖွဲ့တည်းဖြစ်နေတဲ့ ပြဿနာမဟုတ်ဘူး၊ ကျနော်တို့ ဘက်အသီးသီး ဖြစ်နေ တာဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ နိုင်ငံရေးပါတီတွေရဲ့ သဘောထား အသံတွေလည်း စုစည်းဖို့ လိုတယ်၊ ပြောရေးဆိုခွင့် တွေလည်း ပြန်ပြီးပေါ်ပေါက်လာဖို့ လိုတယ်ဆိုတာလည်း နိုင်ငံတကာ အကြီးအကဲတွေ နိုင်ငံတကာ သံတမန်တွေနဲ့ တွေ့တဲ့ အခါ အဓိက ပြောဖြစ်ပါတယ်”ဟု ပြောသည်။

ဦးကိုကိုကြီးသည် ကြားကာလ နိုင်ငံရေးသဘောတူညီချက် ရယူနိုင်ရေးနှင့် အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းလျက်ရှိ ကြောင်း၊ ပြီးခဲ့သည့် မတ်လက အာဆီယံ အထူးကိုယ်စားလှယ် ပရတ်ဆိုခွန် မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်တွင် လည်း တွေ့ဆုံ၍ ကြားကာလ နိုင်ငံရေးသဘောတူညီချက် ရယူနိုင်ရေး လိုအပ်နေကြောင်း ချပြ ဆွေးနွေးခဲ့ကြောင်း၊ တရုတ် နှင့် ဥရောပနိုင်ငံမှ သံတမန်များဖြင့် တွေ့ဆုံ၍လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။