CNI International News

နယူးယောက်၊ ဧပြီ ၈

မြန်မာနိုင်ငံနှင့် သီရိလင်္ကာရှိ လက်နက်ကိုင်အဖွဲ့များအတွက် အမေရိကန်လုပ် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ တဆင့်ခံဝယ်ယူပေးရန် ကြိုးပမ်းခြင်း၊ ဘိန်းဖြူနှင့် မက်သာဖက်တမင်း (စိတ်ကြွရူးသွပ်ဆေး) ရောင်းဝယ် ဖောက်ကားခြင်း စသည့် စွဲချက်များဖြင့် ဂျပန်ယာကူဇာဂိုဏ်းခေါင်းဆောင် ၁ ဦးနှင့် ထိုင်းအမျိုးသား ၃ ဦးတို့ကို အမေရိကန်က ဖမ်းဆီးလိုက်ကြောင်း အယ်လ်ဂျာဇီးယားသတင်းအရ သိရသည်။

အဆိုပါအမှုများကို ကျူးလွန်သည်ဟု စွပ်စွဲခံရသူများဖြစ်သည့် ဂျပန်လူမျိုး တာကဲရှီအီဘီဆာဝါ(Takeshi Ebisawa)၊ ထိုင်းလူမျိုးများဖြစ်ကြသည့် ဆွမ်ပက်ရူကရာဆာရန်နီး (Som Sompak Rukrasaranee) ၊ ဆွမ်ဖက် ဆင်ဟာစရိ (Somphob Singhasiri) နှင့် ဆာ့ကစန်ဂျဲနန် (Suksan Jullanan) တို့ကို အမေရိကန်နိုင်ငံ၊ နယူး ယောက်မြို့တွင် မူးယစ်ဆေးဝါးနှင့်လက်နက်မှောင်ခိုရောင်းဝယ်ဖောက်ကားမှု၊ ငွေကြေးခဝါချမှုစွဲချက်များဖြင့် ဧပြီ ၄ ရက်နှင့် ၅ ရက်တို့၌ ဖမ်းဆီးခဲ့ကြောင်း နယူးယောက် တရားရေးဌာနက ပြောကြားခဲ့သည်။

“မူးယစ်ဆေးဝါးတွေက နယူးယောက်က လမ်းတွေမှာပဲ ဖြန့်ဖို့ဖြစ်ပြီး လက်နက်တင်ပို့ရောင်းချမှုကတော့ သိပ်မတည်ငြိမ်တဲ့နိုင်ငံတွေက လက်နက်ကိုင်အုပ်စုတွေအတွက် ရည်ရွယ်ပါတယ်။ အခုဖမ်းထားတဲ့ နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းသားတွေရဲ့ အသက်အန္တရာယ်ကိုတော့ စိုးရိမ်စရာမရှိပါဘူး” ဟု နယူးယောက်တောင်ပိုင်းခရိုင်မှ အမေရိကန်ရှေ့နေ ဒါမီယန်ဝီလျံ (Damian Wailliams) က ကြေညာခဲ့သည်။

၎င်းတို့ကို ထိုင်းနိုင်ငံထဲတွင် ၂၀၁၉ ခုနှစ်ကတည်းက အမေရိကန်မူးယစ်ဆေးဝါးနှိမ်နင်းရေးအေးဂျင့်များက စုံစမ်း စစ်ဆေးခဲ့ကြကြောင်း၊ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) မှ လျှို့ဝှက်အေးဂျင့်တစ်ဦးနှင့် ၎င်းတို့ ဆက်သွယ်ပြီး ဘိန်းဖြူနှင့်စိတ်ကြွရူးသွပ်ဆေးပြား အမြောက်အမြား ရောင်းဝယ်ဖောက်ကားရန် စီစဉ်ခဲ့ကြကြောင်း အယ်လ်ဂျာဇီးယားက သတင်းဆက်လက်ဖော်ပြသည်။

ယာကူဇာဂိုဏ်းခေါင်းဆောင် အီဘီဆာဝါသည် UWSA အဖွဲ့အတွက် အလိုအလျောက်ပစ်ခတ်နိုင်စွမ်းရှိသည့် လက်နက်များ၊ စက်သေနတ်များနှင့် မြေပြင်မှဝေဟင်ပစ် ဒုံးကျည်များ ဝယ်ယူပေးရန် စီစဉ်ထားပြီး မြန်မာနိုင်ငံရှိ အလားတူအခြားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ရှမ်းပြည်တပ်မတော် (SSA) အတွက်လည်း စီစဉ်ပေးနေကြောင်း သိရသည်။

မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာရယူပြီးနောက် နယ်စပ်ဒေသများ၌ နှစ်ပေါင်းများစွာ စစ်ရေးပဋိပက္ခဖြစ်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပြင် ထပ်မံပေါ်ပေါက်လာသော အရပ်သားများ ထူထောင်ထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကိုပါ တိုက်ခိုက်နေသည်။

ယာကူဇာဂိုဏ်းခေါင်းဆောင်သည် တမီလ်ကျားများဟု လူသိများထင်ရှားသည့် သီရိလင်္ကာလက်နက်ကိုင် တမီလ်အီလမ် (LTTE) အတွက်လည်း လက်နက်များ ဝယ်ယူပေးရန် ကြိုးပမ်းခဲ့ကြောင်း အမေရိကန်က ပြောကြားခဲ့သည်။

တမီလ်ကျားသူပုန်အဖွဲ့သည် သီရိလင်္ကာမြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသတို့ကို တစ်ချိန်က ထိန်းချုပ်ထားနိုင်ခဲ့ သော်လည်း ၂၀၀၉ ခုနှစ်၌ အရှုံးနှင့် ရင်ဆိုင်ခဲ့ရကာ ၎င်းအဖွဲ့ခေါင်းဆောင်များ သတ်ဖြတ်ခံခဲ့ရသည်။

Source: Aljazeera