CNI News

၂၀၂၂ ခုနှစ်၊ မေလ ၃၁

လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော အကျပ်အတည်းသည် ဗမာတိုင်းရင်းသားများ၏ အတွင်းရေးသားဖြစ်၍ မည်သူ့ဘက်မှ ပါဝင်ပတ် သက်မည် မဟုတ်ကြောင်း “ဝ”ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်(UWSA/UWSP)က ပြောသည်။

UWSA ဒုဥက္ကဌ ဦးလော့ယာကု ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် မေလ ၃၀ ရက်နေ့က နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

UWSA က “အစိုးရဘက်မှ မည်သူအုပ်ချုပ်သည် ဖြစ်စေ ဗမာတိုင်းရင်းသားများ၏ အတွင်းရေး သာဖြစ်ပြီး ပဋိပက္ခပို၍ မဖြစ်စေလိုသောကြောင့် မည်သည့်ဘက်မှ ပါဝင်ပတ်သက်မည် မဟုတ်ပါ”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က အမျိုးသားဒီမိုကရေစီ(NLD)သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွါးမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းနိုင်ရေး ကြိုးပမ်းသည်ဟုဆိုကာ တပ်မတော်မှ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာထားသည်။ ထို့ကြောင့် နိုင်ငံတစ်ဝှမ်း တပ်မတော်အပေါ် ဆန္ဒပြ ကန့်ကွက်ကြသလို လက်နက်ကိုင် တော်လှန်ရေး နည်းဖြင့် ဖြုတ်ချရေး ဆောင်ရွက်လျက်ရှိသည်။

UWSA ကတော့ နိုင်ငံတော်အား ပြိုကွဲစေခြင်း၊ နိုင်ငံတော်မှ ခွဲထွက်ခြင်း လုံးဝပြုလုပ်မည်မဟုတ်ပါကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးနှင့် သံတမန် ရေးရာကလွှဲ၍ မိမိကို မိမိတို့ စီမံအုပ်ချုပ်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဦးလော့ယာကုတွေ့ဆုံစဉ်

အလားတူ အစိုးရနှင့် ချုပ်ဆိုထားသော ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး စာချုပ်ကို ဆက်လက်လိုက်နာပြီး ငြိမ်းချမ်းရေး အား ထိန်းသိမ်းသွားမည်ဟု UWSA ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

UWSA “ယခင် မိမိတို့ဖက်မှ ပြည်ထောင်စုအစိုးရ သို့ အဆိုပြုတင်ပြခဲ့သော နိုင်ငံရေးဆွေးနွေးမှု အထွေထွေမူဝါဒအရ အခြားတိုင်းရင်းသား ပြည်နယ်နှင့် တန်းတူရည်တူသော “ဝ”အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် တည်ထောင်ရန် တောင်းဆိုအပ်ပါသည်။ ဤသည်မှာ “ဝ”ပြည်နယ်ရှိ လူ ၆ သိန်းသော ပြည်သူတစ်ရပ်လုံး၏ စိတ်ဆန္ဒလည်း ဖြစ်ပါသည်”ဟု ပြောသည်။

ထို့နောက် အစိုးရနှင့်ဆွေးနွေးမှုအတွက် သဘောတူညီမှု မရနိုင်ပါက လက်ရှိအနေအထားကို ထိန်းသိမ်းရန်၊ နှစ်ဖက်ကြား ပဋိပက္ခများကို ရှောင်ရှားရန်နှင့် အနာဂတ်တွင် ငြိမ်းချမ်းရေးဆွေးနွေးမှု အဆင်ပြေစေရန်အတွက် ငြိမ်းချမ်းရေးကို အတတ်နိုင်ဆုံး ထိန်းသိမ်းသွားရန် ကျွနှ်ပ်တို့ တောင်းဆိုအပ်ပါသည်ဟု ၎င်းက ပြောသည်။

လက်ရှိတွင် UWSA သည် “ဝ”ပြည်နယ်ပြည်သူ့အစိုးရအဖွဲ့၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)တို့ကို ဖွဲ့စည်း၍ ကိုယ်ပိုင်အုပ်ချုပ်လျက်ရှိသည်။

UWSA သည် ၁၉၈၉ ခုနှစ်၊ ဧပြီ ၁၇ ရက်က ဗမာကွန်မြူနစ်ပါတီ(ဗကပ)ကနေ ခွဲထွက်ပြီး တပ်မတော်နှင့် ငြိမ်းချမ်းရေး ယူခဲ့သည်။
ထို့နောက် ၂၀၁၁ ခုနှစ်တွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ် (Bilateral) ရေးထိုးထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၆ မြို့နယ်ကို ခရိုင် ၂ ခုခွဲ၍ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် သတ်မှတ်ပေးထားသည်။