CNI International News

ဝါရှင်တန်၊ မေလ ၃၁

တာဝေးပစ် လက်နက်များ ကိယက်ဗ်မှ အရေးတကြီး တောင်းခံနေသော်လည်း ရုရှားပိုင်နက်အတွင်းရှိ ပစ်မှတ်များကို ကောင်း စွာ ထိမှန်နိုင်သည့် ဒုံးကျည်စနစ်များကို ယူကရိန်းသို့ ပေးပို့မည် မဟုတ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က မေလ ၃၀ ရက်တွင် ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီသတင်းကို ကိုးကားလျက် ဘန်ကောက်ပို့စ်က ဖော်ပြသည်။

“ရုရှားကို တိုက်ခိုက်နိုင်တဲ့ ဒုံးပျံစနစ်မျိုး ယူကရိန်းကို ကျနော်တို့ ပို့မှာမဟုတ်ဘူး” ဟု ဘိုင်ဒန်က ဝါရှင်တန်မြို့တော်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အနောက်အုပ်စုလိုလားသည့် ယူကရိန်းသည် အိမ်နီးချင်းရုရှား၏ ဖေဖော်ဝါရီလ နှောင်းပိုင်း ကျူးကျော်ခံရပြီးကတည်းက အမေရိကန်ထံမှ စစ်ရေး အကူအညီ အများအပြားကို ရရှိနေခဲ့သည်။ သို့သော် ယခုလတ်တလော ရုရှားတပ်များ အသုံးပြု သည့် တာဝေးပစ်ဒုံးကျည်များ မိမိတို့လည်း လိုအပ်ကြောင်း ယူကရိန်းက တောင်းခံလာခဲ့သည်။

ကိယက်ဗ်အစိုးရသည် တာဝေးပစ် ဒုံးကျည်များဖြစ်သော M270 MLRS နှင့် M142 Himars (ဟီးမားစ်) တို့အတွက် မိုဘိုင်း ဘက်ထရီ များလည်း အမေရိကန်ထံသို့ တောင်းခံခဲ့သည်။ အဆိုပါ ဒုံးကျည်များသည် အကွာအဝေး ၁၈၇ မိုင် (ကီလိုမီတာ ၃၀၀) အထိ ရောက်ရှိနိုင်ပြီး တစ်ချိန်တည်းတွင် ဒုံးကျည် အစင်းရေ အမြောက်အမြားဖြင့် စစ်မြေပြင်၌ သမရိုးကျ အမြောက် များ၏ ရောက်ရှိ အကွာအဝေးထက် ၈ ဆ (သို့မဟုတ်) ယင်းထက်ပို၍ ပစ်လွှတ်နိုင်စွမ်းရှိသည်။

ယူကရိန်းက တောင်းနေသည့် M270 MLRS ဒုံးကျည်(GETTY IMAGES)

ထိုဒုံးကျည်များသုံး၍ ရုရှားနယ်စပ်မျဉ်း၏ အတွင်းဘက်ရှိ အဝေး ပစ်မှတ်များကို ယူကရိန်းတပ်များက လှမ်းပစ်နိုင်သည်။ သို့သော် ယူကရိန်းတို့က ယင်းသို့ ရည်ရွယ်သလားဆိုသည်မှာ မရှင်းမလင်း ဖြစ်နေဆဲဟု အေအက်ဖ်ပီ သတင်းတွင် ဆက် လက် ရေးသားထားသည်။

“MLRS ဒုံးကျည်ဟာ ကျနော်တို့ အင်မတန် လိုချင်နေတဲ့ လက်နက်ဖြစ်ပါတယ်” ဟု ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီယာက ဆွစ်ဇာလန်နိုင်ငံတွင် ယခင်သီတင်းပတ်၌ ကျင်းပခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့သည်။

အနောက်နိုင်ငံများမှ မဟာမိတ်များထံသို့ လက်နက်ကြီး အကူအညီ ရရေးအတွက် ၎င်းက ဖိအားပေး တောင်းဆိုနေခဲ့သည်။

ယူကရိန်းတပ်ဖွဲ့ကိုတွေ့ရစဉ် (GETTY IMAGES)

“၄၃ မိုင် (ကီလိုမီတာ ၇၀) အကွာအဝေးကနေ တိုက်ခိုက်ခံရတဲ့ အခါမှာ တိုက်ပွဲက အတော်လေး ခက်ခဲပါတယ်။ ကျနော်တို့ မှာ ပြန်တိုက်စရာ မယ်မယ်ရရ မရှိပါဘူး” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီး၏ အကြံပေးပုဂ္ဂိုလ် မီးခေးလ်လိုပိုဒို လိက် (Mykhailo Podoliak) က တွစ်တာ လူမှုကွန်ရက်တွင် ရေးသားလွှင့်တင်ခဲ့သည်။

အဆိုပါ လက်နက်များ ပါဝင်သည်ဟု ထင်ကြေး ပေးခဲ့ကြသည့် နောက်ထပ် ဒေါ်လာ ဘီလီယံ ၄၀ အကူအညီပေးရေး အစီ အစဉ်ကို ယခုလ အစောပိုင်းက အမေရိကန်က ကြေညာခဲ့ပြီး ဖြစ်သည်။

“ဒီလို လက်နက်မျိုး မပေးပို့ရန် ဘိုင်ဒန်အစိုးရ ဆုံးဖြတ်ချက်သည် ယူကရိန်းနှင့် ဒီမိုကရေစီကို သစ္စာဖောက်ခြင်းဖြစ်ကြောင်း” ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် လင်ဆေးဂရေဟမ် (Lindsey Graham) က မေလ ၃၀ ရက်တွင် ပြောကြားခဲ့ သည်။

Source: AFP, Bangkok Post