CNI International News

အော်တဝါ၊ မေလ ၃၁

ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရီဒျူး၏အစိုးရသည် သေနတ်များ တင်သွင်ခြင်း၊ ဝယ်ယူခြင်း (သို့မဟုတ်) ရောင်းဝယ်ဖောက်ကားခြင်းတို့ကို ထိန်းချုပ်မည့် ဥပဒေသစ်တစ်ရပ် အဆိုပြုချက်ကို မေလ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“ကျနော်တို့နိုင်ငံမှာ သေနတ်အရေအတွက် ကန့်သတ်ထားပါတယ်” ဟု ထရီဒျူးက ပြောကြားခဲ့သည်။

ကိုယ်ပိုင်လက်နက်ကိုင်ဆောင်မှု တိုးပွားလာခြင်းကို တားဆီးရန်အတွက် ဥပဒေစည်းမျဉ်းသစ်များကို လာမည့် ဆောင်းရာသီတွင် အတည်ပြုပြဋ္ဌာန်းနိုင်မည်ဟု မျှော်လင့်ရသည်။

“ကနေဒါနိုင်ငံအတွင်း ဘယ်နေရာမှာမဆို အလွယ်တကူ လက်နက်ကိုင်ဆောင်သွားလို့ရတဲ့ သေနတ်တွေ ဝယ်ယူတာ၊ ရောင်းချတာ၊ လွှဲပြောင်းပေးတာ (ဒါမှမဟုတ်) တင်သွင်းတာတွေ တရားမဝင်အဖြစ် သတ်မှတ်သွားမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ထရီဒျူးက ဆက်လက်ပြောကြားခဲ့သည်။

အော်တဝါမြို့တော်တွင် ကျင်းပသည့် အစိုးရ သတင်းစာရှင်းလင်းပွဲ၌ သေနတ်ပစ်ခတ်ခံရသူများ၏မိသားစုများပါ တက်ရောက်စေခဲ့သည်။

ကနေဒါက စစ်တပ်သုံးသေနတ်အမျိုးအစားပေါင်း ၁၅၀၀ ကို တားမြစ်ခဲ့ပြီး ယခုနှစ်ကုန်တွင် ပြန်လည်စတင်မည့် မဖြစ်မနေဝယ်ယူရေးအစီအစဉ်တစ်ရပ်ကိုလည်း ကမ်းလှမ်းခဲ့သည်။ အကယ်၍ တစ်စုံတစ်ယောက်အနေဖြင့် ၎င်း အတွက် ချေမှုန်းရေးလက်နက်ကို အမှန်တကယ်သိမ်းဆည်းကိုင်ဆောင်လိုပါက အသုံးပြုခွင့်လုံးဝပေးတော့မည် မဟုတ်ကြောင်း ထရီဒျူးက အတိအလင်း ပြောကြားခဲ့သည်။

ထိုအစီအစဉ်များအတွက် နောက်ကွယ်မှလှုပ်ရှားနေမှုကိုလည်း အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ တိုးမြှင့် လုပ်ဆောင်နေပြီဖြစ်သည်။

သေနတ်ကိုင်ဆောင်မှုဆိုင်ရာ ပိုထိရောက်စွာကိုင်တွယ်မည့်ဥပဒေများကို ပြဋ္ဌာန်းရန် ဝန်ကြီးချုပ် ထရီဒျူး စီစဉ် နေသည်မှာ ကြာပြီဖြစ်သော်လည်း ယခုလအတွင်း အိမ်နီးချင်းအမေရိကန်နိုင်ငံ၌ တက္ကဆက်ပြည်နယ်၊ ယူဗယ်ဒီ စာသင်ကျောင်းပစ်ခတ်ခံရမှု၊ နယူးယောက်နှင့် ဘက်ဖဲလိုး (Buffalo) သွေးထွက်သံယိုမှုတို့ကြောင့် ကနေဒါတွင် လည်း အစီအမံသစ်များ အဆောတလျင် ချမှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ကနေဒါ၏မျိုးဆက်တစ်ဆက်အတွင်း ယခု ဥပဒေပြုနိုင်ရေးသည် အထင်ရှားဆုံးခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ပြည်သူ့ဘေးကင်းလုံခြုံရေးဆိုင်ရာဝန်ကြီး မက်ခရိုမန်ဒီစီနို (Macro Mendicino) က ပြောကြားခဲ့သည်။

“သေနတ်ထိန်းချုပ်ရေး ကောင်းကောင်းလုပ်တဲ့နိုင်ငံတွေဟာ သေနတ်နဲ့အကြမ်းဖက်မှု ဖြစ်ပွားတာကို ကောင်း ကောင်းထိန်းချုပ်နိုင်ပါတယ်” ဟု မက်ခရိုမန်ဒီစီနိုက အေပီသတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

Source: AP