CNI News

၂၀၂၂ ခုနှစ်၊ မေလ ၃၁

ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA)၏ လှုပ်ရှား နယ်မြေအတွင်းရှိ အခြေခံနှင့် အဆင့်မြင့် ပညာသင်ကျောင်း အဆောက်အအုံ များကို ဖျက်ဆီးခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လာလျှင် အရေးယူသွားမည်ဖြစ်ကြောင်း ZRA မှ မေလ ၃၀ ရက်က ထုတ်ပြန်ခဲ့သည်။

ကိုဗစ် ကပ်ရောဂါနှင့် နိုင်ငံရေးပဋိပက္ခကြောင့် ကလေးငယ်များ၏ ကျောင်းပညာရေး ၂ နှစ်အထိ ရပ်နားထားရကြောင်း၊ ZRA အနေဖြင့် ကျောင်းဖွင့်စေချင်ကြောင်း ZRA မှ အရှေ့ပိုင်းတိုင်း၏ ဒါရိုက်တာ ပူဇိုထန်က CNI သတင်းဌာနသို့ ပြောသည်။

ပူဇိုထန်က “ဒီကိစ္စတော့ အစကတည်းက ကျနော်တို့ ကျောင်းဖွင့် စေချင်တာလေ၊ အဲဒါကို သဘောထားကို ကျောင်းဖွင့်ခါနီး မှာ ထုတ်ပြန်ချက် လုပ်လိုက်တာ၊ ဒီဟာနဲ့ ပတ်သက်ပြီး ကျနော်တို့က ဖြစ်စေချင်တာလေ အခု ကိုဗစ်ကိစ္စနဲ့ ပတ်သက်ပြီး တော့ ၁ နှစ်၊ ၂ နှစ်လောက် အခု ၃ နှစ်လောက် ပိတ်မှာဆိုတော့လေ ပြည်သူတွေ နစ်နာမှာစိုးလို့ ကျနော်တို့က ထုတ်ပြန်ချက် လုပ်တာ ဖြစ်တယ်၊ ဒါပေမဲ့ ထုတ်ပြန်တဲ့ နေရာမှာတော့ အကုန်လုံးတော့ တာဝန်ယူဖို့တော့ ခက်မယ်လေ၊ ဒါပေမဲ့ ကျနော်တို့ ကလေးတွေ ကျောင်းမသွားလို့ရှိရင် ၂ နှစ်လောက် ရှိနေတော့မှာလေ။ အဲဒီတော့ စာမသင်ပဲ ကလေးတွေ လွှင့်ပါးကုန်မှာကိုး။ အဲဒီတော့ ကျနော်တို့က ကျောင်းဖွင့် စေချင်တယ်၊ ဒါပေမဲ့ CJDC ပေါ့နော်၊ ချင်းလျဲန်းအဖွဲ့က ကျောင်းမဖွင့်ဖို့ သူတို့က တား ထားတဲ့ အခါကြတော့ ဒီကြားထဲမှာ ကျနော်တို့က စိတ်မကောင်းဘူး ဖြစ်နေတာလေ။ အဲဒါတော့ ပြောချင်တာပေါ့” ဟု ပြော သည်။

ချင်းပြည်နယ် တစ်ဝှမ်းရှိ ပြည်သူများအနေနှင့် လက်ရှိ ဖွင့်လှစ်မည့် စာသင်ကျောင်းများကို မတက်ရောက်ကြရန်နှင့် ချင်း ပြည်ထောင် အုပ်ချုပ်ရေးအဖွဲ့များက ဖွင့်လှစ်သည့် ကျောင်းများတွင်သာ မိမိတို့၏ သားသမီးများကို ပညာဆည်းပူးကြစေရန် CJDC က မေလ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တီးတိန်မြို့က စာသင်ကျောင်းကိုတွေ့ရစဉ်

နစကအနေဖြင့် ကျောင်းများ ဖွင့်ခြင်းအားဖြင့် ၎င်းတို့၏ ယန္တရားကို လည်ပတ်နိုင်ကြောင်း၊ တရားဝင် အစိုးရဖြစ်မှုကို ပြသလို ၍ ကျောင်းဖွင့်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း CJDC မှ အထွေထွေအတွင်းရေးမှူး Salai Timmy က CNI သတင်းဌာနသို့ ပြော သည်။

Salai Timmy က “ဘာလို့ ကျနော်တို့ ထုတ်ပြန်တာလဲ ဆိုလို့ရှိရင်တော့ ကျနော်တို့က ကျနော်တို့ တော်လှန်ရေး လုပ်နေရ ခြင်းက စစ်ကောင်စီရဲ့ ယန္တရားကို မလည်ပတ်နိုင်အောင် နောက်ပြီးတော့ စစ်ကောင်စီ ယန္တရားကို လည်ပတ်တဲ့ ထောက်တိုင် တွေ အကုန်လုံးကို ကျနော်တို့ ဘက်ကနေ ဖြိုဖျက်ဖို့ရန်အတွက် ကျနော်တို့ ကြိုးစားနေတဲ့ အချိန်ဖြစ်တဲ့အခါမှာ အခုက စစ်ကောင်စီ ဘက်ကနေ ကျောင်းဖွင့်ခြင်း အားဖြင့် သူတို့ရဲ့ ယန္တရား၊ သူတို့သာလျှင် Legitimacy ဖြစ်တဲ့ Government ဖြစ်ပါ တယ်ဆိုတဲ့ဟာကို သက်သေပြချင်တဲ့ ပုံစံနဲ့ သူတို့က ကျောင်းဖွင့်ဖို့ စီစဉ်နေတဲ့ဟာကို ကျနော်တို့ တွေ့ရှိတဲ့ အတွက်ကြောင့် ဒီဟာကတော့ မဖြစ်သင့်ဘူးဆိုပြီး ကျနော်တို့ စစ်ကောင်စီအောက်မှာ ဖွင့်တဲ့ကျောင်းတွေကို ကျောင်းတွေမှာ မတက်ကြဖို့ ကျနော်တို့ နိုးဆော်တိုက်တွန်းတာ ဖြစ်တယ်၊ စစ်ကောင်စီ အောက်ကနေ မဟုတ်ဘဲနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဒါမှ မဟုတ် ရင် ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ဖွင့်တဲ့ ကျောင်းတွေမှာ တက်ဖို့လည်း ကျနော်တို့ နိုးဆော်ထားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

CJDC အနေဖြင့် ZRA ကို အကြမ်းဖက် အဖွဲ့အစည်းဖြင့် ကြေညာချက် ရှိထားကြောင်း၊ နစက၏ အလိုကျ လုပ်ဆောင်နေသည့် အဖွဲ့အစည်းဟု သတ်မှတ်ကြောင်း ၎င်းက ပြောသည်။

တီးတိန်မြို့ အနေအထားကို တွေ့ရစဉ်

ပညာသင်ကျောင်း အဆောက်အအုံများ အပြင်၊ ဆေးရုံ၊ ဆေးခန်း စသည့် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများကို ဖျက် ဆီးခြင်း၊ ပစ်ခတ်ခြင်း မပြုလုပ်ကြရန်နှင့် ကျောင်းဆရာ/ ဆရာမများ၊ ကျန်းမာရေး ဝန်ထမ်းများကို တနည်းနည်းဖြင့် နှောက်ယှက်မှုပြုခြင်း၊ ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်မှု ပြုခြင်းများကို မကျူးလွန်ရန် ZRA မှ ထုတ်ပြန်ခဲ့သည်။

ထို့အတူ ကျူးလွန်မှုများ ရှိခဲ့ပါက အကြမ်းဖက် ပုဂ္ဂိုလ်၊ အုပ်စု၊ အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး တရားမျှတမှု ရှိစေရေး အတွက် သက်ဆိုင်ရာအစိုးရနှင့် ချိတ်ဆက်ကာ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ZRO/ZRA အဖွဲ့သည် ချင်းပြည်နယ် တီးတိန်၊ တွန်းဇံမြို့နယ်များ အပါအဝင် မြန်မာ -အိန္ဒိယနယ်စပ် မဏိပူရ်ပြည်နယ် နယ်စပ်တို့တွင် လှုပ်ရှားလျက်သည့် လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းကလည်း အိန္ဒိယနယ်စပ်အနီးတွင် ZRA နဲ့ ချင်းအမျိုးသားတပ်ဦး CNF/CNA တို့ အကြား တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့သည်။