CNI International News

မိုဂါဒစ်ရှူး၊ မေလ ၃၁

ဆိုမာလီယာနိုင်ငံတွင် ရောင်းချသော ဂျုံအားလုံးနီးပါးသည် ဖေဖော်ဝါရီ ၂၄ ရက်မှစတင်၍ ယူကရိန်းကို ရုရှား ကျူးကျော်စစ် စတင်စဉ် ကတည်းက ပင်လယ်နက်ဒေသမှတဆင့် ပေးပို့တင်သွင်းမှု ရပ်တန့်သွားခဲ့ခြင်းကြောင့် အာဖရိကတွင် ခန့်မှန်းခြေ လူ ပေါင်း ၁၃ သန်းခန့် အငတ်ဘေးနှင့် ရင်ဆိုင်ရမည်ဟု ကုလသမဂ္ဂ (UN) က သတိပေးထားကြောင်း အေပီသတင်းအရ သိရသည်။

အာဖရိကသို့ ပေးပို့တင်သွင်းသည့် ဂျုံများသည် ယခင်က ယူကရိန်းနှင့် ရုရှားတို့မှ လာနေကျဖြစ်ကြောင်း၊ အာဖရိကဒေသတွင် အဆက်မပြတ် မိုးခေါင်မှုကြောင့် အငတ်ဘေးနှင့် ရင်ဆိုင်ရမည် အခြေအနေ ပိုများကြောင်း သိရသည်။

ဆိုမာလီယာ ငွေကြေးဖောင်းပွမှုနှုန်း တိုးလာသဖြင့် ဟင်းချက်ဆီများလည်း ဈေးတက်လာသည်။ တစ်ချိန်က ၁၆ ဒေါ်လာတန် သည့် ဆီတစ်ပုလင်းမှာ ယခုအခါ မိုဂါဒစ်ရှူးမြို့ ဈေးကွက်တွင် ၄၅ ဒေါ်လာအထိ အဆမတန် တက်သွားသည်။

“အခုခေတ် စားဝတ်နေရေး စရိတ်ကြီးလာတော့ ကျမတို့ဆီက မိသားစုတွေမှာ ဂျုံမှုန့်နဲ့ဆီတောင် အနိုင်နိုင် သုံးနေရပြီး အခက်တွေ့ နေရပါတယ်” ဟု ကလေး ၁၁ ဦး၏ မိခင်ဖြစ်သူ အာယန်ဟာဆန် အဒစ်ဘရာဟင်က ပြောသည်။

လက်ရှိ ရင်ဆိုင်နေရသော အခြေအနေ ပိုဆိုးလာမည်ကို စိုးရိမ်နေရကြောင်း ဆိုမာလီယာနိုင်ငံသို့ ဂျုံမှုန့် တင်သွင်းနေသူ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဩာဂျီအက်ဘ် ဒီဒီဘလာဝီက ပြောသည်။ မျက်မှောက်ကာလတွင် စားနပ်ရိက္ခာ တင်သွင်းဖို့ သင်္ဘောကွန်တိန်နာများ ပြတ်လပ်နေပြီ ဖြစ်သည်။

ရုရှားရဲ့ ထိုးစစ်ကို ခံနေရတဲ့ ယူကရိန်း (AP)

“ဆိုမာလီယာနိုင်ငံမှာ ဂျုံစိုက်ဖို့ နေရာမရှိဘူး။ အဲဒါကို အခုကျမှ ဘယ်လို စိုက်ရမှန်းတောင် မသိတော့ပါဘူးဗျာ။ လောလော ဆယ် ထောက်ပံ့ရေး ကွင်းဆက် ပြတ်နေချိန်မှာ ကျနော်တို့ အဓိက စိုးရိမ်နေတာ နောက်ထပ် ပိုဆိုးလာ မလားဆိုတာပဲဗျ” ဟု ၎င်းက ပြောသည်။

အာဖရိကရှိ လယ်သမား ၁၈ သန်းသည် ဆယ်စုနှစ် တစ်ခုအတွင်း အဆိုးရွားဆုံး စိုက်ပျိုးထွက်ကုန် မထုတ်လုပ်နိုင်ခြင်း အတွက် ကြံ့ကြံ့ခံ ရင်ဆိုင်နေရသည်။ ဆာဟာရ သဲကန္တရာအောက်ရှိ အာဖရိကဒေသ တစိတ်တပိုင်းဖြစ်သော ဆာဟဲနယ်မြေ တွင် ငတ်မွတ် ခေါင်းပါးမှုဘေးက အပြင်းအထန် ကျရောက်နေသည်။
နွေရာသီနှောင်းပိုင်း အစာရေစာ ရှားပါးမှု ပိုဆိုးလာနိုင်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် (WFP) က ခန့်မှန်းထား သည်။

“အလွန်အမင်း ငတ်မွတ်လာမှုကို မကြုံစဖူး အဆင့်အထိ တိုးလာနေပါတယ်။ ကမ္ဘာ့အခြေအနေက တော်တော်ဆိုးနေပြီဗျ။ စစ်ရေး ပဋိပက္ခ၊ ရာသီဥတု အကျပ်အတည်း၊ Covid-19 နဲ့ စားသောက်ကုန်၊ လောင်စာဆီ ကုန်ကျစရိတ် တရှိန်ထိုး တက်လာ လို့ အခုဆိုရင် ယူကရိန်းစစ်ရဲ့ နောက်ဆက်တွဲအဖြစ် ကပ်ဆိုးဘေးဆိုးတစ်ခု ရောက်လာပြီဆိုပြီး ပြောလို့ရတယ်” ဟု WFP အမှုဆောင်ဒါရိုက်တာ ဒေးဗစ်ဘီးစ်လေး (David Beasley) က ယခုအစောပိုင်းတွင် သတိပေးခဲ့သည်။

ဂျုံ ရောင်းနေတဲ့ အမျိုးသမီးတစ်ဦး(AP)

ယူကရိန်းစစ်ပွဲ၊ ကပ်ရောဂါနှင့် ဆက်စပ်နေသော အတားအဆီးများကြောင့် လာမည့် ၆ လအတွင်း အာဟာရချို့တဲ့သော ကလေး သူငယ်များအတွက် ကုသရေးနှင့် အစားအသောက်စရိတ် လိုအပ်ချက်သည်ပင် ၁၆ ရာခိုင်နှုန်း တက်လာနိုင်ကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က သတင်းထုတ်ပြန်ခဲ့သည်။

အာဖရိကနိုင်ငံများသည် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ရုရှားနှင့်ယူကရိန်းမှ ဂျုံတင်သွင်းမှု ၄၄ ရာခိုင်နှုန်း ရှိခဲ့ကြောင်း ကုလသမဂ္ဂထံမှ စာရင်းဇယားများအရ သိရသည်။

အာဖရိကတိုက်ရှိ ဂျုံဈေးမှာ ၄၅ ရာခိုင်နှုန်းတိုးလာကြောင်း အာဖရိကဖွံ့ဖြိုးရေးဘဏ်က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ သို့ဖြစ် ၍ မော်ရီတေးနီးယားနိုင်ငံရှိ ဂျုံဟင်းလျာမှသည် ကွန်ဂိုနိုင်ငံရှိ ဒိုးနပ်ကြော်(မုန့်လက်ကောက်ကြော်)အထိ ဈေးပိုကြီးလာခဲ့ သည်။

Source: AP